
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်အဝင်နေရာတွေမှာ နိုင်ငံတကာကလှူဒါန်းထားတဲ့ ကွန်တိန်နာတွေချထားပြီး မျက်နှာ scan ဖတ်တဲ့စနစ်နဲ့ စစ်ဆေးကာ မသင်္ကာသူတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ နေပြည်တော်အခြေစိုက် Non-CDM ဝန်ထမ်းတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ နေပြည်တော်အဝင်ဖြစ်တဲ့ နေရာတွေမှာ စက်တင်ဘာလပထမပတ်ကနေ စတင်စမ်းသပ် လုပ်ဆောင်နေတာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အဝင်နေရာတိုင်းမှာ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်က ဝန်ထမ်းတယောက်က “ကားနဲ့လာပြီး အဝင်မှတ်ပုံတင် ပြတဲ့နေရာမှာ စက်တင်ဘာလကစပြီး မှတ်ပုံတင်ပြပြီး မျက်နှာကို စကန်ဖတ်တဲ့စက်တွေနဲ့ မျက်နှာကို ဓာတ်ပုံရိုက်ယူတာတွေ လုပ်လာပါတယ်။ လေဆိပ်မှာ လဝကဖြတ်ရင် ပတ်စ်ပို့ပြ scan ဖတ်ရသလို နေပြည်တော်အဝင်မှာ မှတ်ပုံတင်ပြ scan ဖတ်ရတာတွေ လုပ်ထားပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ကွန်တင်နာ box တွေကို သူတို့ရဲ့ လုပ်ငန်းသုံးဖို့အတွက် အသုံးပြုထားပြီး အဒီ box ထဲကနေ ကင်မရာကို ထားပြီး မျက်နှာကို scan ဖတ်ယူတယ်လိုသိရတယ်”လို့ ပြောပါတယ်။
အဲဒီလို မျက်နှာစကန်ဖက်ပြီး အချက်အလက်ကြည့်နိုင်ဖို့ စစ်ကောင်စီဟာ ရပ်ကွက်ရုံးတွေမှာ Unique Identification Number (UID) စမတ်ကတ်တွေ လုပ်ပေးခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ နယ်စပ်၊ လဝက၊ လေဆိပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ စတင် အသုံးပြုခဲ့တာလို့ ဆိုပါတယ်။
UID စမတ်ကတ်မှာ အသက် ၁၀ နှစ် အထက်ရှိသူတွေရဲ့ အီလက်ထရောနစ်စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေ၊ မျက်လုံး၊ လက်ဗွေ စတဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို တဦးချင်း ကောက်ယူ မှတ်တမ်းတင်ထားသော ဂဏန်း ၁၀ လုံးပါ လက်မှတ် ဖြစ်ပါတယ်။
အဲဒီကတ်ကို နယ်စပ်ဖြတ်သန်းသွားလာတဲ့အပြင်၊ ပြည်တွင်း ခရီးသွားတာ၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လုပ်တာတွေမှာ ယူလာရမယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မတ်လက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားတယောက်က “ရာဇဌာနီလမ်းမကြီး အဝင်ဝစစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်နဲ့ နေပြည်တော် ဝင်တဲ့ နေရာတိုင်းမှာ မှတ်ပုံတင် ပြရုံတင်မဟုတ်တော့ဘဲနဲ့ မျက်နှာကို စကန်ဖတ်ပြီး စစ်ဆေးနေပြီ။ မိုင် ၂၀၀ အဝင်ဝ စစ်ဆေးရေးဂိတ်မှာလည်း Box တွေချပြီး စစ်ဆေးနေတယ်။ အမည်ရယ်၊ မှတ်ပုံတင်ရယ်ကို လူမျက်နှာနဲ့ တိုက်စစ်လိုက်တာ။ ဝင်သမျှ ခရီးသွားကားနဲ့လာသူကော၊ အိမ်စီးကားနဲ့ လာသူကော ကားပေါ်ကဆင်း မှတ်ပုံတင်ပြပြီးရင် Box ထဲဝင် အဲဒီလို စစ်နေတာ”လို့ ပြောပါတယ်။
အရင်တုန်းကတော့ နေပြည်တော် ဝင်လာသူတွေဟာ ကားပေါ်က ဆင်းရပြီး မှတ်ပုံတင်နဲ့ လူတိုက်စစ်တာတွေသာရှိတယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်သွားလို့ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အနေနဲ့ လှူဒါန်းတဲ့ ကွန်တိန်နာတွေကို အာဏာသိမ်းစစ်ကောင်စီက ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။
မင်းဆက်