
ကရင်နီ (ကယား) ပြည်နယ်ထဲက နန်းမယ်ခုံ၊ လွိုင်နန်းဖ၊ ဒီးမော့ဆို မြို့နယ်တို့မှာ ညအချိန် အပြင်မထွက်ဖို့ မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီတွေက ကန့်သတ်တားမြစ်လိုက်ပါတယ်။
စစ်ကောင်စီစစ်တပ်၊ ဒလန်နဲ့ ခိုးဆိုးလုနှိုက်သူတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်အောင် လုပ်ဆောင်လာတာကြောင့် မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “မြို့နယ် (သို့) အုပ်ချုပ်ရေးက အရေးပေါ်အခြေအနေမှာ စီမံခန့်ခွဲကြပ်မတ်ခွင့်ရှိပါတယ်။ ဒီကိစ္စရပ်တွေကို သက်ဆိုင်ရာမြို့နယ်က ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကတော့ ဒေသန္တရအစီအမံအနေနဲ့ လူဆိုးတွေလုယက်မှုတွေရယ်၊ လုံခြုံရေးအစီအမံတွေရယ်ကြောင့် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြို့နယ် ၃ ခုရဲ့ ပူးပေါင်းကော်မတီဝင်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတွေက စက်တင်ဘာ ၉ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် စစ်ရေးအရသွားလာရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ် သာရေးနာရေး သွားလာရသူကလွဲပြီး ည ၉ နာရီကနေ မနက် ၄ နာရီ အတွင်း မသွားလာကြဖို့ ကန့်သတ်လိုက်တာပါ။
ဒါ့အပြင် လုံခြုံရေးဆိုင်ရာအရ သက်ဆိုင်ရာ ကရင်နီပြည်ရဲ KSP၊ တပ်ရင်းတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးမေးမြန်းရင် ဘယ်သူမဆို ကြည်ကြည်ဖြူဖြူလက်ခံဖို့နဲ့ ပြည်သူလူထုရဲ့အကျိုးအတွက် ထုတ်ပြန်တာဖြစ်လို့ လိုက်နာဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ရှောင်တွေဖွင့်ထားတဲ့ ကုန်စုံဆိုင်က ပစ္စည်း၊ ဆိုင်ကယ်၊ ဖုန်းဆိုင်က ဖုန်းနဲ့ Star link ဘက်ထရီတွေပါ အခုလထဲမှာ အခိုးခံနေရတာတွေရှိနေပြီး ဆေးရုံဆေးခန်းတည်နေရာတွေကို လိုက်လံစုံစမ်းတာမျိုးလည်းကြုံနေရတယ်လို့ ဒေသခံနဲ့ စစ်ရှောင်တွေဆီက သိရပါတယ်။




