Home
မြန်မာသတင်း
ကရင်နီတွင် ကျဆုံးခဲ့သည့် CDM ဝန်ထမ်း မိသားစုဝင်များကို ထောက်ပံ့မည်
DVB
·
September 8, 2025

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ ကျဆုံးသွားတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေကို မှတ်တမ်းတင်နိုင်ဖို့အတွက် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့မယ့် အစီအစဥ်တခု စတင်ပြုလုပ်နေပါတယ်။

ဒီထောက်ပံ့မှုကို ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီလို့ခေါ်တဲ့ KCDM က မိမိတို့ မိသားစုဝင်တွေထဲမှာ ကျဆုံးသွားတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေ ရှိခဲ့ရင် အချက်အလက် အပြည့်အစုံနဲ့ လျှောက်ထားနိုင်တယ်လို့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၅ ရက်မှာ ထောက်ပံ့မှုတွေ စတင်လုပ်ဆောင်မယ်လို့ KCDM ရဲ့ ဥက္ကဋ္ဌ မစ္စဂျွန်က DVB ကို ပြောပါတယ်။

“Page မှာ တင်တဲ့အချိန်ကစပြီး အခုချိန်ထိ ၇ ယောက် လာပြီးတော့ လျှောက်ထားတာ ရှိပါတယ်။ အဲဒီ ၇ ယောက်ထဲမှာမှ ကျမတို့ ၄ ဦးကို ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လေကြောင်းတိုက်ခိုက်ခံရသူရယ် ဖမ်းဆီးပြီးတော့ သတ်ဖြတ်ခံရတာ ပါတယ်။ ပြီးတော့မှ အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရတဲ့ထဲမှာလည်း ပါတယ်။ နောက်တယောက်ကတော့ သွေးကင်ဆာရောဂါနဲ့ တယောက်ပါပါတယ်။ ကျမတို့ အခု ကနဦးပေးမယ့် ၄ ယောက်က အဲဒါတွေပါတယ်။ ကျန်တာတွေက အချက်အလက် မပြည့်စုံသေးလို့ တောင်းခံနေဆဲပဲ ဖြစ်ပါတယ်။”

ဒီထောက်ပံ့မှုအစီအစဥ်ကို လိုအပ်နေတဲ့သူတွေအနေနဲ့ KCDM က တောင်းခံထားတဲ့ အချက်အလက်တွေဖြစ်တဲ့ ကျဆုံးသွားတဲ့ CDM ဝန်ထမ်းရဲ့ အမည်နဲ့ မွေးသက္ကရာဇ်၊ CDM လုပ်ခဲ့တဲ့ မြို့နယ်၊ ဌာန၊ ရုံးနဲ့ ရာထူးနဲ့ ကျဆုံးခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ရက်စွဲ စတဲ့ အချက်အလက် အပြည့်အစုံရှိရင် လာရောက်လျှောက်ထားနိုင်တယ်လို့ မစ္စဂျွန်က ဆက်ရှင်းပြပါတယ်။

“ဒီ ကရင်နီ နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီကနေ ရှာနိုင်တဲ့ ရန်ပုံငွေတွေ အထောက်အပံ့တွေပေါ်မှာ မူတည်ပြီးတော့ စာရင်းတွေ ပေးပို့လာတဲ့အပေါ်မှာ ကျမတို့ အတတ်နိုင်ဆုံး ဘယ်နှယောက်ပဲရရဆိုတဲ့ ရည်ရွယ်ချက်လည်း ရှိတယ်ပေါ့နော်။ အဲဒါကြောင့် အစဥ်တစိုက် ပေးနိုင်ဖို့ ဆက်လက်ပြီးမှလည်း ကြိုးစားနေပါတယ်။”

အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ထဲမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ CDM ဝန်ထမ်းပေါင်း ၆,၇၀၀ လောက် ရှိတယ်လို့ KCDM ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

ကရင်နီပြည်နယ်ထဲမှာ CDM တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကျေးလက်မြေအဖွဲ့က တာဝန်ခံ ဦးဇော်မင်းထိုက်ကတော့ အခုချိန်ထိ တောင့်ခံပေးနေတဲ့ CDM သမားတွေကို တောင်တန်း ပြည်မ မခွဲခြားဘဲ ထောက်ပံ့ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဦးဇော်မင်းထိုက်က“CDM လုပ်ခဲ့တဲ့သူတွေက ကရင်နီထဲမှာ အရမ်းများတယ်။ ကူညီနိုင်တဲ့ အဖွဲ့အစည်း ကူညီနိုင်တဲ့လူထက် စာလို့ရှိရင် လိုအပ်မှုတွေက ပိုများပါတယ်။ လက်ရှိမှာဆိုလည်း တော်လှန်ရေးထဲမှာ ပြန်လုပ်ပြီးတော့ ယောက်ျားက တိုက်ပွဲကျသွားတာမျိုးတွေ ကရင်နီမှ မဟုတ်ပါဘူး၊ CDM တွေကို တတ်နိုင်တဲ့သူများက မေ့မထားဖို့ ကျနော်တို့ တောင်တန်း ပြည်မ မခွဲခြားဘဲနဲ့ သူတို့ကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပြီးတော့ အကူအညီ ပေးစေလိုပါတယ်”လို့ ပြောပါတယ်။

ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများကော်မတီကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်မှာ ညီလာခံကျင်းပကာ တရားဝင် ဖွဲ့စည်းခဲ့ပြီး ကရင်နီပြည်နယ်ရှိ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကို ဝိုင်းဝန်းကူညီပေးတာအပြင်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း ကူညီထောက်ပံ့နိုင်ဖို့ ဖြစ်တယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013