
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတယောက် စက်တင်ဘာ ၂၅ ရက်က ဆွဲကြိုးချသတ်သေသွားတယ်လို့ အနီးအနားနေထိုင်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံကနေ လင်မယား ၂ ယောက် ထွက်ပြေးလာကြပြီး မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက်မှာ ခက်ခက်ခဲခဲရပ်တည်ရင်း မိန်းမဖြစ်သူက အခုလို သတ်သေသွားတာလို့ ဆိုပါတယ်။
ဆွဲကြိုးချသေဆုံးတဲ့အမျိုးသမီးနဲ့ နီးစပ်သူတယောက်က “သေဆုံးသွားတာတော့ စက်တင်ဘာ ၂၅ ရက်နေ့က၊ သေမှုသေခင်းစစ်ဆေးဖို့ ပရဟိတအဖွဲ့တွေက မဲဆောက်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေပြုလုပ်ဖို့ ပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးတာတွေပြုလုပ်ပြီးလို့ ခုလိုပြောပြရဲတာ။ တော်ကြာ ဘာကြောင့်ခုလိုလုပ်တာလဲဆိုပြီး အမှုပတ်မှာစိုးလို့ မပြောတာ” လို့ ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ် သေဆုံးသူအမျိုးသမီးမှာ ကလေး ၁ ယောက်နဲ့ သူ့ရဲ့အမျိုးသားကျန်ရစ်ခဲ့ပြီး ဘာကြောင့် ခုလိုလုပ်တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားအာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ စစ်တပ်ရဲ့ ဖမ်းဆီးတာကိုရှောင်တိမ်းကြသူတွေ၊ စစ်မှုထမ်းဥပဒေကြောင့် ဘေးလွတ်ရာပြေးရင်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ မြန်မာအများအပြားရောက်ရှိနေထိုင်နေတာ ဖြစ်ပါတယ်။




