ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် တနိုင်ငံလုံး မိုးရွာနိုင်ပြီး မိုးသည်းသည်းထန်ထန်ရွာတာ၊ လေပြင်းတိုက်ခတ်တာနဲ့ ရုတ်တရက်ရေကြီးတာတို့ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ပူရီမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၅ မိုင်လောက်မှာ ရှိနေတယ်လို့ ဆိုပတါယ်။
မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားဖို့အခြေအနေမရှိဘဲ လက်ရှိမုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းကတော့ တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်နှုန်းလောက်ပဲဖြစ်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်ဟာ အနောက်ယွန်းယွန်းကိုရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ပူရီမြို့နဲ့ ကာလင်ဂါပတ္တနမ်မြို့ကြား ဂိုလ်ပါပူမြို့အနီးကနေဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီမနက်ကနေ နောက် ၂၄ နာရီအတွင်း တနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး တချို့ဒေသတွေမှာတော့ နေရာကွက်မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုန်းမြင့်ဒေသနားမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်နားမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတို့တွေကို ကြိုတင်သတိပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်က တောင်ပြိုကျလို့ ကလေးငယ် ၁ ယောက်အပါအဝင် စစ်ရှောင်ပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး နေပြည်တော်မှာလည်း စက်တင်ဘာ ၂၆ ရက် မနေ့ညပိုင်းက တောင်ကျချောင်းရေဆင်းလာလို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းခဲ့ကြရပါတယ်။