
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ အနောက်ဝါးတောလမ်းမှာ လေပြင်းတိုက်ပြီး ညောင်ပင်ကြီး အိမ်ပေါ်လဲကျတဲ့အတွက် ကလေးငယ်တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂ နှစ်အရွယ် ကလေးငယ်တယောက် ပွဲချင်းပြီးသေဆုံးပြီး ဖခင်ဖြစ်သူမှာ လက်ဒဏ်ရာရရှိကာ မိခင်ဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “သူတို့အိမ်ပေါ် တည့်တည့်ကိုကျတာ၊ သစ်ပင်ကလည်း နှစ်ကြာနေပြီ၊ လုံးပတ် ၁၀ ပေလောက်ရှိတယ်။ ခုတလော လေလည်းကြီး မိုးလည်းကြီးတော့ သစ်ပင်က ယိုင်နေပြီ။ အဲဒါ သူတို့က ခုရက်ပိုင်း ခုတ်ဖို့စီစဉ်နေတုန်း လဲကျသွားတာ။ ကလေးတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ခုလို မိုးတွင်းကာလ အန္တရာယ်ရှိတဲ့ သစ်ပင်ကြီးနား၊ တောင်တွေနား မနေထိုင်သင့်ဘူး” လို့ ပြောပါတယ်။
အဲဒီ ညောင်ပင်လဲကျမှု ဖြစ်ပွားပြီးနောက် လွိုင်လင်ခရိုင် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် တစီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလောမြို့တို့မှာ အခုတလအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် နေအိမ်ရေမြုပ်တာ၊ တောင်ပြိုတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။