Home
မြန်မာသတင်း
စစ်အုပ်စု၏ လက်နက်ပွဲစားကုမ္ပဏီများကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်
DVB
·
September 26, 2025
Photo :Reuters

မြောက်ကိုရီးယားရဲ့ တရားမဝင်လက်နက်ရောင်းဝယ်မှုတွေနဲ့ ဆက်နွှယ်ပြီး မြန်မာစစ်အုပ်စုရဲ့ လက်နက်ပွဲစားကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ခံ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ 

စစ်လက်နက်တွေ၀ယ်ယူတာတွေအပါအဝင် မြောက်ကိုရီးယားအစိုးရရဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ (WMD) နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေအတွက် ဝင်ငွေရရှိစေတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်မှုအတွက် မြန်မာစစ်တပ်နဲ့နီးစပ်တဲ့ လက်နက်ပွဲစားကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ် ၅ ယောက်ကို အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အကြောင်း စက်တင်ဘာ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

အခုလို ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံအခြေစိုက် Royal Shune Lei ကုမ္ပဏီနဲ့ အဆိုပါကုမ္ပဏီက အဓိက လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပိတ်ဆို့ခဲ့တာဖြစ်ပြီး မြန်မာလေတပ်အတွက် လက်နက်ရောင်းဝယ်ရေး ကူညီပေးတဲ့ ကျော်သူမျိုးမြင့်နဲ့ တင်မျိုးအောင်၊ ပေကျင်းအခြေစိုက် ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (KOMID) ရဲ့ လက်ထောက်ကိုယ်စားလှယ် ကင်ယောင်ဂျူ၊ Royal Shune Lei ရဲ့ ဒါရိုက်တာ အောင်ကိုကိုဦးတို့ ပါဝင်နေပါတယ်။

အမေရိကန် အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာန လက်ထောက် အတွင်းဝန် ဂျွန်ကေဟာလေက “မြောက်ကိုရီးယားရဲ့ တရားမဝင်လက်နက် အစီအစဉ်တွေက အမေရိကန်နဲ့ ကျွန်ုပ်တို့ရဲ့ မဟာမိတ်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုတရပ် ဖြစ်နေပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ သူတို့ကို အားပေးထောက်ပံ့နေတဲ့ ဘဏ္ဍာ ရေးကွန်ရက်တွေကို ဆက်လက်ဖျက်သိမ်းသွားမယ်" လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ အရပ်သားတွေကိုပါ ပစ်မှတ်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေပျက်စီးခဲ့ကာ အရပ်သားပြည်သူတွေ များစွာ သေဆုံးခဲ့ရပြီး ဒီကနေ့ အရေးယူဆောင်ရွက်မှုက မြန်မာနိုင်ငံဆီ ဒီလက်နက်ရောင်းချမှုတွေကို တားဆီးရာရောက်သလို မြောက်ကိုရီးယားအစိုးရအတွက်လည်း အရေးကြီးတဲ့ ရန်ပုံငွေစီးကြောင်းတခုကို ဖြတ်တောက်လိုက်တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024