ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမရှိ လူကူးခုံးကျော်တံတားမှာ စက်တင်ဘာ ၂၅ ရက် မနက် ၈ နာရီခွဲလောက်က အိမ်ရာမဲ့အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ရှင်သန်ရေးကူညီမူအသင်းဆီက သိရပါတယ်။
သေဆုံးသူမှာ ကမ်းနားလမ်းသစ်နဲ့ လမ်းဟောင်းပေါ် ဆောက်ထားတဲ့ လူကူးခုံးတံတားမှာ ခိုကပ်နေသူဖြစ်ပြီး အာဟာရပြတ်လပ်နေပြီး ကျန်းမာရေးမကောင်းသူတယောက်ဖြစ်တယ်လို့ အဲဒီတံတားကနေ ပုံမှန်ဖြတ်သွားလာနေသူတချို့က ပြောပါတယ်။

တံတားကနေ ပုံမှန်ဖြတ်သွားလာနေသူတယောက်က “တံတားနားကဖြတ်သွားတိုင်း တခါတခါတွေ့မိတယ်။ အဲဒီတံတားမှာ နောက်ထပ်ခိုကပ်နေတဲ့ အိမ်ရာမဲ့တွေလည်းရှိတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ရာမဲ့တွေ များလာသလို လမ်းဘေးမှာ အာဟာရပြတ်တဲ့အနေအထားနဲ့ သေဆုံးနေသူတွေ တွေ့လာရတယ်လို့ ဆိုပါတယ်။
အခု အမျိုးသမီး ခိုကပ်နေရင်း သေဆုံးတဲ့ လူကူးခုံးကျော်တံတားမှာ စက်လှေခါးတပ်ဆင်ထားပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အသုံးပြုတာရပ်ထားသလို သန့်ရှင်းရေးလုပ်တာမရှိလို့ စက်လှေခါး အစိတ်အပိုင်းတွေ ပျက်စီးနေကာ စွန့်ပစ်အမှိုက်တွေနဲ့ ညစ်ပတ်နံစော်နေတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။