
ဂါဇာကမ်းမြောင်ကို အကူအညီပေးပို့ဖို့ ထွက်ခွာလာတဲ့ နိုင်ငံတကာ ရေယာဉ်အုပ်စုကို ကာကွယ်ပေးဖို့အတွက် အီတလီနဲ့ ပူးပေါင်းပြီးတော့ စစ်သင်္ဘောတစင်း စေလွှတ်သွားမှာ ဖြစ်တယ်လို့ စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။
ဂရိကမ်းလွန်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့ကို ရောက်နေတဲ့အချိန် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဂါဇာဒေသခံတွေအတွက် စားနပ်ရိက္ခာ ပေးပို့ဖို့ ထွက်ခွာလာတဲ့ ရေယာဉ်အုပ်စုမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
သင်္ဘောအုပ်စုကို လိုအပ်လာရင် ကူညီဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ရေတပ်သင်္ဘောတစင်း စေလွှတ်သွားမယ်လို့ ဝန်ကြီးချုပ်က အတည်ပြု ပြောပါတယ်။
ဂါဇာကမ်းမြောင်ရဲ့ ပင်လယ်ထွက်ပေါက်ကို အစ္စရေးက ပိတ်ဆို့ထားတာကို ချိုးဖျက်ဖို့ ရည်ရွယ်တဲ့ ‘Global Sumud Flotilla’ ရေယာဉ်အုပ်စုမှာ အရပ်သားလှေ ၅၀ လောက် ပါဝင်ပြီး ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ နာမည်ကျော် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာ သားန်ဘာ့ဂျ်လည်း လိုက်ပါခဲ့ပါတယ်။
ဒီရေယာဉ်အုပ်စုဟာ ဂရိနိုင်ငံ၊ ဂက်ဗ်ဒို့စ်ကျွန်းကနေ ရေမိုင် ၃၀ အကွာ နိုင်ငံတကာရေပိုင်နက်ထဲမှာ ဒရုန်း ၁၂ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Source: Reuters




