Home
နိုင်ငံတကာ
အာဖရိကန်ဝက်အဖျားရောဂါကြောင့် ခရိုအေးရှား၌ ဝက်ကောင်ရေသောင်းချီ သုတ်သင်မည်
DVB
·
September 25, 2025
Photo: REUTERS/Antonio Bronic

ခရိုအေးရှားနိုင်ငံအရှေ့ပိုင်းရှိ မွေးမြူရေးခြံတွေမှာ အာဖရိကန် ဝက်အဖျားရောဂါ ဖြစ်ပွားခဲ့တာကြောင့် လယ်သမားတွေဟာ ဝက်အကောင်ရေ ၁၂,၀၀၀ နီးပါးကို သုတ်သင်ရှင်းလင်းပစ်ရမယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

လူသားတွေအတွက် အန္တရာယ်မရှိပေမဲ့ ဝက်တွေအတွက်သာ အလွန်အန္တရာယ်ကြီးပြီး သေစေတတ်တဲ့ ကူးစက်ရောဂါကို အိုစီယက်ခ်ဘာရန်ညာကားတွန် နယ်မြေရှိ မွေးမြူရေးခြံ ၄ ခြံမှာ ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဲဒီထဲက ဝက်ကောင်ရေ ၁၀,၀၀၀ လောက် မွေးမြူထားတဲ့ ဆိုကိုလိုဗက်မြို့ရှိ ခြံကြီးတခြံနဲ့ အကောင်ရေ ၁၆၀၀ လောက် မွေးထားတဲ့ တခြားခြံတခြံလည်း ပါဝင်ပါတယ်။

အရှေ့ပိုင်းဒေသရှိ ဝက်မွေးခြံ ၄၀၀ ကို စောင့်ကြည့်စစ်ဆေးရာမှာ အဲဒီထဲက ၁၀၄ ခြံမှာ မဖြစ်မနေ ကြိုတင်ကာကွယ်ရေးအစီအမံတွေမှာ မူမမှန်မှုတွေကို တွေ့ရှိခဲ့ရတယ်လို့ ပြည်နယ်စစ်ဆေးရေးမှူးချုပ် အန်ဒရီယာမီကူလစ်စ်က အိုစီယက်ခ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အာဖရိကကနေ ဥရောပနဲ့ အာရှအထိ ပျံ့နှံ့လာတဲ့ ဒီရောဂါကြောင့် ဝက်ကောင်ရေ သန်းပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီး ကမ္ဘာ့အသားဈေးကွက်ကို ထိခိုက်စေခဲ့ပါတယ်။

အရှေ့ပိုင်းခရိုင် ၂ ခုရှိ အရပ်ဖက်ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ဒေသခံ အသိုက်အဝန်းတွေဟာ နိုင်ငံရဲ့ တခြားဒေသတွေဆီ ရောဂါပြန့်ပွားမှုကို တားဆီးဖို့အားလုံး အတူတကွ လုပ်ဆောင်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး စိုက်ပျိုးရေးဝန်ကြီး ဒေးဗစ်ဗလားချစ်က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဝက်အဖျား ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့တဲ့ ဆားဘီးယား၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြည်နယ်နယ်နိမိတ်တွေကို ထိန်းချုပ်ထားကြောင်းလည်း ဗလားချစ်က ပြောပါတယ်။

ဒီရောဂါဖြစ်ပွားမှုအတွက် မွေးမြူရေးဝက်တွေနဲ့ တောဝက်တွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုအပေါ် အပြစ်တင်ခဲ့ပြီး တောဝက်တွေကို သုတ်သင်ရှင်းလင်းဖို့အတွက် အမဲလိုက်မုဆိုးအဖွဲ့တွေကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024