Home
မြန်မာသတင်း
သီတင်းကျွတ်အားလပ်ရက်အတွက် ဟိုတယ်ဘိုကင်များ ပြည့်နေ
DVB
·
September 24, 2025

လာမယ့် သီတင်းကျွတ်အားလပ်ရက်အတွက် ခရီးသွားဒေသတွေမှာ ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီလို့ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။

နိုင်ငံနေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ခရီးသွားဒေသတွေမှာတော့ ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီး ဒီနှစ် သီတင်းကျွတ်ကာလအတွက် ပြည်တွင်းခရီးသွားလာမှု ပိုများလာနိုင်တယ်လို့ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ဧရာဝတီတိုင်း‌၊ ပုသိမ်မြို့မှာ စစ်ဆေးမှုတွေ တင်းကျပ်နေပေမဲ့ ချောင်းသာကမ်းခြေမှာလည်း ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီး ခရီးသွားဝင်ရောက်လာမှုလည်း ပိုများလာမယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ချောင်းသာကမ်းခြေက ဒေသခံတွေဟာ ခရီးသွားတွေကို မှီခိုပြီး ဝင်ငွေရှာဖွေကြရတာ ဖြစ်တဲ့အတွက် မနှစ်က ခရီးသွားဝင်ရောက်မှုနည်းလို့ အဆင်မပြေခဲ့ပေမဲ့ ဒီနှစ်မှာတော့ ခရီးသွားပိုများလာဖို့ မျှော်လင့်နေကြပါတယ်။

ချောင်းသာကမ်းခြေ ဒေသခံတယောက်က “ရန်ကုန်ဘက်ကလာမယ် ဆိုရင်‌တော့ လမ်းမှာ စစ်ဆေးရေးဂိတ်တွေတော့ ရှိတယ်။ ရန်ကုန်မှတ်ပုံတင်မဟုတ်ရင်တော့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ထောက်ခံစာတွေ လိုပါတယ်။ ဂိတ်တွေမှာ မျက်နှာစကန်ဖတ်ပြီးတော့ သူတို့သတ်မှတ်ထားတဲ့ မျဉ်းစောင်းကသူ ဆိုရင်တော့ ပေးဝင်တယ်ပေါ့နော်။ ဒီကာလမှကလည်း အပန်းဖြေခရီးက လာစရာက ဒီချောင်းသာလောက်ပဲ ရှိတော့လေ၊ ဒီနှစ်က ဧည့်သည်က တော်တော်လာမယ့် သဘောရှိတယ်။ ဟိုတယ်ဘိုကင်တွေလည်းပြည့်နေပြီ။ အခန်းတွေက မရတော့ဘူး။ မနှစ်ကတော့ ခရီးသည် တော်တော်ပါးတယ်လေ။ ဒီနှစ်တော့ အဆင်ပြေမှာပေါ့လေ။ ဒေသခံတွေကလည်း တခြားအလုပ်လုပ်မရတော့ ဧည့်သည်လာမှပဲ အဆင်ပြေမှာ” လို့ ပြောပါတယ်။

မန္တလေးတိုင်းက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဒေသမှာလည်း ခရီးသွားဝင်ရောက်မှု များနေပြီး သီတင်းကျွတ်ကာလမှာတော့ ခရီးသွားဝင်ရောက်မှု ပိုများလာဖို့ မျှော်လင့်နေကြပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်ပခရီးသွား မရှိသလောက် နည်းပါးနေတဲ့အတွက် ပုဂံဒေသခံတွေဟာလည်း ပြည်တွင်းခရီးသွားကိုသာ အဓိက အားထားနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပုဂံဧည့်လမ်းညွှန်တယောက်က “ပုဂံဘုရားဖူးတွေဟာတော့ အစစ်အဆေးကတော့ လမ်းမှာလည်း ရှိတော့ရှိတာပေါ့နော်၊ လာတော့လာကြပါတယ် ဘုရားဖူးတွေက။ မနှစ်ကနဲ့ယှဉ်ရင် ခုတော့မသိသေးဘူး။ သီတင်းကျွတ်မှပဲ သိရတော့မယ်။ အခုတော့ ခရီးသွားက နည်းနည်းပါးပါးပဲ ရှိတယ်။ တအားကြီး ခရီးသွားရာသီလောက်တော့ မရှိဘူးပေါ့။ ဟိုတယ်ဘိုကင်တွေကတော့ အပြည့်လို့ ပြောတယ်၊ ဟိုတယ်တွေတိုင်းလေ။ ဧည့်သည်တွေ မေးခိုင်းလို့ မေးပေးတော့ မရတော့ဘူး မရတော့ဘူးဘဲ ပြောတယ်၊ ဘိုကင်တွေ ၄, ၅, ၆ ကို မရတော့ဘူး” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီမှာတော့ ခရီးသွားလာရောက်ဖို့အတွက် တောင်တက်ကားလမ်းတလျှောက် လမ်းပြင်ဆင်တာတွေ လုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဆာဂါကြောင့် ကျိုက်ထီးရိုးတောင်မှာ မိုးရွာသွန်းမှုများနေပြီး ခရီးသွားဝင်ရောက်မှု နည်းနေပါတယ်။

ဒါပေမဲ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၆ ရက်နေ့အတွက် ဟိုတယ်ဘိုကင်တွေလည်း ပြည့်နေပြီဖြစ်လို့ အရင်နှစ်တွေထက် ခရီးသွားဝင်ရောက်မှု ပိုများလာမယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ဈေးသည်တွေအနေနဲ့လည်း သီတင်းကျွတ်ကာလမှာ ရောင်းချဖို့ ကုန်ပစ္စည်းတွေ ကြိုဝယ်ထားတာနဲ့ ဆိုင်ခန်းပြင်ဆင်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျိုက်ထီးရိုးဒေသခံတယောက်က “အခုချိန်မှာတော့ ဘုရားဖူးက ပါးနေသေးတယ်။ လပြည့်ခါနီး ကျောင်းပိတ်ရင်တော့ ဘုရားဖူးက များလာနိုင်ပါတယ်။ ကျမတို့ သိထားသလောက်တော့ ဘိုကင်တွေက ပြည့်နေပြီ။ တောင်ဖွင့်ခါနီးဆိုတော့ မော်တော်ယာဉ်တွေလည်း သူတို့ရဲ့ စက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလည်း လုပ်နေတယ်။ တောင်တက်လမ်းတလျှောက် လမ်းဘေးဘက်ကိုကျနေတဲ့ သစ်ပင်တွေ ဝါးပင်တွေကိုလည်း သူတို့ ခုတ်ထွင်နေတယ်။ အခုဆိုရင် ကျိုက်ထီးရိုးမှာ ဆိုင်တိုင်းကလည်း အကုန်လုံးက ပြုပြင်နေပြီး ဒီမုန်တိုင်းလေး အဖျားခတ်မှု ရှိနေတာကြောင့်မို့ပဲ ဘုရားဖူး နည်းနည်းပါးနေတယ်။ ဒီကျောင်းပိတ်ရက်ဆိုရင်တော့ ဘုရားဖူးလည်း ပုံမှန်အတိုင်းတက်မယ်လို့ မှန်းထားပါတယ်” လို့ ပြောပါတယ်။

ကျိုက်ထီးရိုး ခရီးသွားဝင်ရောက်မှု များလာဖို့ မျှော်လင့်ထားကြပေမဲ့ ကျိုက်ထီးရိုး တောင်ခြေအနီးက ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် သီတင်းကျွတ်ကာလမှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုတော့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပြည်တွင်းခရီးသွား တိုးလာဖို့ ဒေသခံတွေက မျှော်လင့်နေကြပေမဲ့ တဖက်မှာလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတွေက စစ်ဆေး‌ရေးဂိတ်တွေမှာ စစ်ဆေးမှု တင်းကျပ်ထားပြီး စစ်မှုထမ်းအတွက် တပ်သားသစ်စုဆောင်းတာတွေလည်း ပိုမိုလုပ်ဆောင်နေပါတယ်။

ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ ခုနှစ်က နိုင်ငံတဝန်း ပြည်တွင်းခရီးသွား ၅ ဒသမ ၈ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၁၀ သန်းခွဲကျော်အထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024