
စစ်ကောင်စီလက်အောက်ခံ သံရုံးတချို့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်အောင် ပုံစံ-၁၅ တင်ဖို့ ဖိအားပေးနေတယ်လို့ ပြည်ပရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။
စစ်ကောင်စီသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ သွားရောက်တဲ့သူတွေကို ပုံစံ-၁၅ တင်ဖို့ အကျပ်ကိုင် ဖိအားပေးတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတယောက်က “ဒီမှာတော့ ပတ်စ်ပို့သက်တမ်းလာတိုးတဲ့ သူတွေကို ဖိအားပေးနေတာ ရှိတယ်လို့ ကြားတယ်။ သူတို့ကတော့ မရရတဲ့နည်းနဲ့ တွေ့တဲ့သူကို လုပ်မှာပဲ” လို့ ပြောပါတယ်။
တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူ တယောက်ကလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ ရနိုင်သလောက် ရအောင် စစ်ကောင်စီသံရုံးက လုပ်နေတယ်လို့ ပြောပါတယ်။
“သံရုံးကို ရောက်လာတဲ့သူတွေ၊ သူတို့ဆက်သွယ်လို့ရတဲ့ သူတွေကို ပုံစံ-၁၅ တင်ခိုင်းတယ်။ ဒီမှာက ပတ်စ်ပို့သက်တမ်းကုန်လည်း အထူးဗီဇာနဲ့ ဆက်နေလို့ရတော့ သံရုံးနဲ့ မပတ်သက်ဘဲ နေကြတာတွေလည်း ရှိတယ်။”
စစ်ကောင်စီက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲပေးဖို့အတွက် ကိုယ်ရေးအချက်အလက် ပုံစံ-၁၅ ဖြည့်ပြီး တင်ဖို့ သြဂုတ်လကုန်ပိုင်းမှာ အသိပေး ထုတ်ပြန်ထားပါတယ်။
မူလက ပုံစံ-၁၅ ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားတင်ဖို့ သတ်မှတ်ထားရာကနေ အောက်တိုဘာလဆန်းအထိ ရက်ထပ်တိုးထားပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။