Home
မြန်မာသတင်း
ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့် ရွေးကောက်ပွဲဝင်ပြိုင်မည်၊ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်
DVB
·
September 24, 2025
Photo: ကြံခိုင်ရေးပါတီစည်းရုံးရေးဆင်းသည့် ပုံဟောင်း

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၀၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကို စက်တင်ဘာ ၈ ရက်မှ  ၂၂ ရက်အထိ သတ်မှတ်ခဲ့ပြီး နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက် အမည်စာရင်း တင်သွင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စုစုပေါင်း ပါတီ ၅၇ ပါတီမှာ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုတွင်းမှာ ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ ရှိပါတယ်။

တနိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ကြံ့ခိုင်ရေးပါတီက ၁,၀၁၈ ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၉၄ ယောက်၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၆၇၂ ယောက်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၂၈ ယောက်၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၅၈၄ ယောက်နဲ့ ပြည်သူ့ပါတီက ၅၁၂ ယောက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီရှိပြီး ကိုယ်စားလောင်း စုစုပေါင်း ၉၆၀ ရှိပါတယ်။ ဒါ့အပြင် တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်ကလည်း ၉၅ ယောက် ရှိပါတယ်။

ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက်ကတော့ ပြည်သူ့လွှတ်တော်အတွက် ၁,၃၃၀ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၈၃၂ ယောက်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အတွက် ၂,၆၉၆ ယောက်၊ တိုင်းရင်းသားလူမျိုးအတွက် ၁၀၅ ယောက် ဖြစ်ပါတယ်။

တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013