
အာဏာသိမ်းစစ်တပ်က ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားပေမဲ့ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံကို တရားဝင် လျှောက်ထားတဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေက DVB ကို ပြောပါတယ်။
ပြည်တွင်းထဲမှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ ရှိနေသလို အဲဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် အဖွဲ့အစည်းအတော်များများက လက်ရှောင်နေကြတယ်လို့ အမည်မဖော်လို့တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့အဖွဲ့ တဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က အတင်းအကျပ် ဖိအားပေးလာတာမျိုး ရှိလာခဲ့ရင်တော့ ပြည်တွင်းထဲမှာ ရှိနေသေးတဲ့ အဖွဲ့အစည်းတွေအတွက် ငြင်းရခက်နိုင်သလို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်ပနိုင်ငံတွေက ရွေးကောက်ပွဲအဖွဲ့တွေကိုလည်း ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။