Home
မြန်မာသတင်း
ကမ္ဘာ့အိုလံပစ်စက်ရုပ်ပြိုင်ပွဲ၌ ပထမဆုရခဲ့သည့် မြန်မာလူငယ်အဖွဲ့ ရန်ကုန် ပြန်ရောက်
DVB
·
September 24, 2025
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

ကမ္ဘာ့အိုလံပစ်စက်ရုပ်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ မြန်မာလူငယ်အဖွဲ့ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ World Robot Olympiad Asia Pacific Open Championship ကမ္ဘာ့စက်ရုပ် အိုလံပစ် အာရှပစိဖိတ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာလူငယ် ၃ ယောက် ပါဝင်တဲ့ We Are Genius အသင်းက ပထမဆု ရရှိခဲ့တာပါ။

မြန်မာလူငယ်အသင်းဟာ AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီစက်ရုပ်ကားဟာ သဘာဝဘေး ကျရောက်တဲ့အချိန်တွေမှာ လူတွေ ဝင်ရောက်ဖို့ ခက်ခဲတဲ့ နေရာတွေကို အလိုအလျောက် သွားလာပြီး ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်တာဖြစ်လို့ ဆုတံဆိပ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံကနေ အဖွဲ့ပေါင်း ၁၆၀ က ခေါင်းစဉ် ၈ ခုနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆု ၂၀ ချီးမြှင့်တာ ဖြစ်ပါတယ်။

ပထမဆုရရှိတဲ့ We Are Genius အဖွဲ့က အငယ်တန်းအဆင့်မှာ ပထမဆု ရရှိခဲ့တာဖြစ်ပြီး မြန်မာအဖွဲ့မှာ အသက် ၁၁ နှစ်အရွယ် ၂ ယောက်နဲ့ ၁၂ နှစ်အရွယ် ၁ ယောက် ပါဝင်ကာ နောက်ထပ်လည်း မြန်မာနိုင်ငံက ၂ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

၂၀၂၅ ခုနှစ်အတွက် ပြိုင်ပွဲခေါင်းစဉ်ကတော့ The Future of Robots ဖြစ်ပြီး သဘာဝဘေးအန္တရာယ်တွေအတွင်း ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စက်ရုပ်တွေက ဘယ်လိုအသုံးဝင်နိုင်မလဲဆိုတဲ့ ခေါင်းစဉ်ကို အဓိကထား ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ ဩဂုတ် ၁၃ ရက်အထိ သေဆုံးသူ ၃,၇၇၃ ယောက်၊ ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၃၅ ယောက်ရှိပြီး အဆောက်အအုံတွေအတွင်း ပိတ်မိနေသူတွေထဲက အသက်ရှင်သူ ၆၅၃ ယောက်နဲ့ သေဆုံးသူ ၈၅၁ ယောက်ကို ရှာဖွေနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013