Home
မြန်မာသတင်း
အော်ဒါမရသဖြင့် အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်း၊ အလုပ်သမားများ အခက်ကြုံ
DVB
·
September 24, 2025

ရန်ကုန်က အထည်ချုပ်စက်ရုံတချို့က အော်ဒါအမှာစာနည်းပါးတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတွေ ပိတ်သိမ်းနေပြီး ကြိုတင်အကြောင်းမကြားတဲ့အတွက် အလုပ်သမားတွေ အခက်ကြုံနေကြရပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ စက်မှုဇုန်တွေအတွင်းက CMP တဆင့်ခံ အထည်ချုပ်စက်ရုံတချို့ အော်ဒါအမှာမရှိတော့လို့ ပိတ်သိမ်းတော့မှာဖြစ်ကြောင်းနဲ့ စက်ရုံပိတ်သိမ်းတော့မယ့်အကြောင်း အလုပ်သမားတွေဆီကို ကြိုတင်အကြောင်းကြားထားတာ မရှိတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အခက်အခဲတွေ ကြုံနေကြရကြောင်း အလုပ်သမားတွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေဆီကနေ သိပါတယ်။

ငွေပင်လယ် စက်မှုဇုန်အတွင်းက ဘရန်းအမှတ်တံဆိပ်ချုပ်တဲ့ SDI manufacturing Co., Ltd. နဲ့ တရုတ်နိုင်ငံသားပိုင် Wan Xin Myanmar အထည်ချုပ်စက်ရုံတို့က အော်ဒါထပ်မရတော့လို့ စက်ရုံပိတ်သိမ်းမှာ ဖြစ်ကြောင်းနဲ့ အလုပ်သမားတွေကို ကြိုတင်အသိပေးထားတာ မရှိကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူ မစန်းစန်းက ပြောပါတယ်။

“စက်ရုံပိတ်သိမ်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ကတော့ စက်ရုံ ၂ ရုံကတော့ တိုင်ကြားလာတာ ရှိတယ်၊ ဆွေးနွေးတာရှိတယ်။ တရုံက SDI ဒီစက်ရုံကတော့ စက်ရုံအော်ဒါမရလို့ ဆိုပြီးတော့ ပိတ်သိမ်းဖို့ ဖြစ်လာတယ်။ နောက်တရုံကတော့ Wan Xin Myanmar ဆိုတဲ့စက်ရုံပေါ့၊ ဒီစက်ရုံကလည်း အရင်တုန်းက အလုပ်သမား ၄၀၀ ကျော်လောက်ရှိတယ်။ အခုလက်ရှိမှာ အော်ဒါအမှာ နည်းပါးတယ် ဆိုပြီးတော့ စက်ရုံပိတ်ဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ စက်ရုံပိတ်မှာကို အလုပ်ရှင်တွေက အလုပ်သမားတွေကို ပွင့်ပွင့်လင်းလင်းမပြောဘဲ ဒီစက်ရုံက နေ့စားသမားတွေနဲ့ အသက်အရွယ် မပြည့်သေးတဲ့ အလုပ်သမားတွေကို ကုန်အမှာစာ နည်းပါးတယ်ဆိုပြီး အလုပ်ထုတ်လိုက်တာမျိုးတွေ ရှိတယ်။”

Wan Xin Myanmar စက်ရုံက ကျန်ရှိနေသေးတဲ့ စက်ရုံလုပ်သား ၁၅၀ ကျော်ကိုလည်း စက်ရုံပိတ်မယ့်အကြောင်း အသိပေးထားတာမရှိဘဲ စက်ပစ္စည်းအကြီးစားတွေကို စက်ရုံကနေ တခြားနေရာကို ပြောင်းရွှေ့နေကြောင်း သိရပါတယ်။

စက်ရုံတရုံ ပိတ်သိမ်းလိုရင် သက်ဆိုင်ရာကို စာတင်အကြောင်းကြားတာ၊ အလုပ်သမားတွေကို ကြိုတင်အသိပေးတာ စတာတွေ လုပ်ဆောင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ပေမဲ့ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာတော့ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေအတွက် မျှတတဲ့ နစ်နာကြေးပေးဖို့ ရှောင်တိမ်းနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) မှ မအိက “အရင်တုန်းကလည်းရှိခဲ့တယ်၊ အော်ဒါတွေမရတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အလုပ်သမားတွေကို အသိမပေးဘဲ အလုပ်သမားတွေလျှော့၊ ပစ္စည်းတွေ နည်းနည်းချင်း ရွှေ့ပြီးတော့ နောက်ဆုံး အလုပ်ရှင်က ထွက်ပြေးတဲ့အခြေအနေလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုချိန်မှာ အလုပ်ရှင်က အခုလိုလုပ်မယ်ဆိုရင်လည်း လုပ်နိုင်ခြေရှိတယ်။ ဒီအချိန်မှာ သူတို့တွေက အလုပ်သမား အခွင့်အရေးတောင် ဘာမှမပေးတာ၊ ဒီလို လျော်ကြေးအပြည့်အဝ ပေးရမယ်ဆိုတဲ့ အခြေအနေက ရာခိုင်နှုန်း တော်တော်နည်းတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ထဲက စက်ရုံ ၂ ရုံလည်း ပိတ်သိမ်းဖို့ရှိနေကြောင်း စက်ရုံအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတယောက်က “စက်ရုံတချို့က ပိတ်တယ်ဆိုပြီး နာမည်ပြောင်း ဖွင့်တတ်တာတွေလည်း ရှိတယ်။ တကယ်ပိတ်ခဲ့ရင်တောင် ဂုဏ်သိက္ခာရှိရှိနဲ့ ပေးသင့်တဲ့ နစ်နာကြေးတွေ ပေးချေဖို့ တာဝန်ရှိတယ်” လို့ DVB ကို ပြောပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒေတာတွေအရ နိုင်ငံတွင်း လုပ်ငန်းလည်ပတ်နေတဲ့ MGMA အဖွဲ့ဝင် အထည်ချုပ်စက်ရုံ ၅၈၉ ခု ရှိပြီး ၅၆ ခုမှာ ယာယီပိတ်သိမ်းထားကြောင်း သိရပါတယ်။ 

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024