
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းနေရာမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ် ကျောင်းဖွင့်လှစ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
၂၀၂၅ - ၂၆ ခုနှစ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ်ကျောင်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ် ၃၅၀နဲ့ အောင်မြင်တဲ့ STEM 1 ဘာသာတွဲယူထားတဲ့ ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ ကို ခေါ်ယူမှာ ဖြစ်ပါတယ်။
မအူပင်မြို့ခံတယောက်က “စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ်ဖွင့်ဖို့ လုပ်နေတာကတော့ ကြာပြီပေါ့၊ ခုမှ အကောင်အထည်ဖော်နိုင်တာ ခုဖွင့်မယ့်နေရာကလည်း ၄ ခုရှိပြီ။ ပထမ GTI ၊ နောက်တော့ THS၊ ပြီးတော့ ကွန်ပျူတာတက္ကသိုလ်၊ ခုတခါ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကျောင်း ဖွင့်တာပေါ့” လို့ ပြောပါတယ်။
ခုလို ကျောင်း အမြန်ဖွင့်ရတာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ မအူပင်မြို့ခံက ပြောပါတယ်။
“တနင်္သာတိုင်းခရီးစဥ်သွားတုန်းက စစ်ခေါင်းဆောင်က စိုက်ပျိုးရေးမွေးမြူရေးနဲ့ ပတ်သက်ပြီး အခြေခံပညာအထက်တန်းကျောင်းတွေ ဖွင့်လှစ်ထားကြောင်းနဲ့ ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတက္ကသိုလ်ဖွင့်လှစ်ထားတယ်လို့ ပြောကြားထားတော့ မဖြစ်မနေ လုပ်ဆောင်နေကြရ တာဖြစ်မယ်။”
အရင်က ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကျောင်းဆိုတာမရှိသေးခဲ့ပေမဲ့ အခုခါမှာတော့ ပထမဦးဆုံး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကျောင်းကို မအူပင်မြို့မှာ စတင်ဖွင့်လှစ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။