Home
မြန်မာသတင်း
မအူပင်တွင် ဖမ်းဆီးခံ ဆိုင်ကယ်များကို ငွေပေးရွေးခိုင်း၊ ကျိုက်လတ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်းကြေးပေး စီးခွင့်ရ
DVB
·
August 17, 2025

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ရဲနဲ့ စစ်တပ်က လိုင်စင်မဲ့ယာဉ် ခေါင်းစဉ်အောက်က ဖမ်းဆီးခဲ့တဲ့ မော်တော်ဆိုင်ကယ်တွေကို တစီး အနည်းဆုံး ကျပ် ၁၀ သိန်း အနည်းဆုံးနဲ့ ပြန်ရွေးခိုင်းနေပြီး ကျိုက်လတ်မြို့နယ်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်စီးခွင့်ရဖို့ လစဉ်ကြေး ကျပ် ၇ သောင်းအထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ လက်ရှိ သြဂုတ်လအတွင်း လိုင်စင်မဲ့ယာဉ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “လိုင်စင်မဲ့ယာဉ် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖမ်းခဲ့တဲ့ယာဉ်တွေကို ပြန်ရွေးခိုင်းတာ။ ဖမ်းထားတဲ့ဘီးတွေက အစီး ၃၀၀ လောက်ကိုရှိမှာ။ မော်တော်ဆိုင်ကယ်တွေပဲ များတယ်။ ဘီးကောင်းကောင်းတော့ နည်းတယ်။ တပ်နဲ့ ရဲက ဖမ်းခဲ့တာတွေချည်းပဲ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မော်တော်ဆိုင်ကယ်အများစုဟာ ကျေးရွာတွေဘက်ကနေ မအူပင်မြို့ပေါ်ကို ဈေးဝယ်လာရင်း အဖမ်းခံရပြီး သိမ်းယူထားတဲ့ ဆိုင်ကယ်တွေ များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့နယ် ရေလဲကျေးရွာ ဒေသခံတယောက်က “ဆိုင်ကယ်ကောင်းကောင်း မကောင်းကောင်း အနည်းဆုံး ၁၀ သိန်းနဲ့ ရွေးခိုင်းတာ။ မရွေးရင် တရားရုံးတင်ပေးလိုက်မယ်။ တရားရုံးရောက်သွားရင် လူပါ ထောင်ချခံရမှာလို့ ခြိမ်းခြောက်တာ။ ကြောက်တော့ အားလုံးက မရှိ၊ ရှိတဲ့နေရာကနေ ရှာဖွေရွေးယူရတာ။ တချို့ဆို ဆိုင်ကယ်က မကောင်းတော့ဘူး။ မရွေးချင်ဘဲ ရွေးရတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက ဆိုင်ကယ်အမျိုးအစား ကောင်းကောင်းဆိုပါက စစ်တပ်နဲ့ ရဲက ငွေပိုမိုတောင်းယူပြီး ငွေကြေးပြည့်စုံသူတချို့ကတော့ လိုင်စင်မဲ့ယာဉ်ဖမ်းတဲ့အထဲ နာမည်အထွက်မခံဘဲ စစ်တပ်နဲ့ရဲက တောင်းတဲ့ငွေအတိုင်း ပေးရွေးကြတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ရဲတွေက ဒေသလုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလို့ ခေါင်းစဉ်တပ်ပြီး လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသိမ်းယူနေတဲ့အပြင် ဆိုင်ကယ်လိုင်စင်မရှိ၊ ဘက်မှန်တပ်ထားခြင်း မရှိ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ်နံပါတ်ပြား မပါ၊ ဆိုင်ကယ်ဟွန်း စတဲ့အချက်တွေကိုပါ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက နေ့စဉ် အကြောင်းအမျိုးမျိုးပြ စစ်ဆေးဖမ်းဆီး ငွေညှစ်နေတာကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စ၊ စပါးအပါအဝင် လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်ရောင်းဝယ်ရေး ကိစ္စလုပ်ဖို့အတွက် မြို့ပေါ်ကို မတက်ရဲတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်မှာတော့ လိုင်စင်မဲ့ဆိုင်ကယ်စီးခွင့်ရဖို့ ဆိုင်ကယ်အမျိုးအစား ကောင်း၊ မကောင်းအပေါ်မူတည်ပြီး လစဉ်ကျပ် ၅ သောင်းကနေ ၇ သောင်းအထိ ပေးရပြီး ငွေပေးထားမှ အဆင်ပြေပြေ စီးနင်းခွင့်ရနေတယ်လို့ဒေသခံတွေက ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်က ဒေသခံတယောက်က “အဖမ်းခံရမှာ ကြောက်တော့ ပေးရတာပေါ့။ ငွေပေးရင်တော့ အချင်းအချင်း အသိပေးပြီး ဖမ်းမိရင်တောင် ပြန်လွှတ်ပေးတာ။ မော်ဒယ်မြင့် ဆိုင်ကယ်တွေက ၇ သောင်းပေးရတာ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ မော်ဒယ်နိမ့်တရုတ်ဆိုင်ကယ်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာနရုံးက လိုင်စင်ထုတ်ပေးထားပေမဲ့ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တွေနဲ့ တခြားမော်ဒယ်အမြင့်ဆိုင်ကယ်တွေကိုတော့ လိုင်စင်ထုတ်မပေးသေးဘူးလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013