
တောင်ကိုးရီးယားနွယ်ဖွား နယူးဇီလန်အမျိုးသမီး အီဟာဂယောင်းဟာ သူ့ကလေးတွေကို သတ်ဖြတ်ပြီး စွန့်ပစ်သိုလှောင်ရုံထဲက ခရီးဆောင်အိတ်တွေထဲမှာ ထည့်ထားခဲ့တဲ့ လူသတ်မှုအတွက် စက်တင်ဘာ ၂၃ ရက်မှာ အပြစ်ရှိတယ်လို့ ခုံသမာဓိအဖွဲ့ဝင်တွေက ကြေညာပါတယ်။
အီဟာဂယောင်းဟာ အသက် ၈ နှစ်နဲ့ ၆ နှစ်အရွယ်ရှိ သူ့ကလေးတွေကို သတ်ခဲ့မိကြောင်း ဝန်ခံပေမဲ့ သူ့မှာ ပုံမှန်ဆင်ခြင်တုံတရား ရှိမနေတဲ့ ပြင်းထန်စိတ်ရောဂါအခြေအနေကြောင့် ဒီလူသတ်မှု ၂ ခု အတွက် အပြစ်မရှိကြောင်း ဝန်ခံလျှောက်လဲခဲ့ပါတယ်။
တရားခွင်တလျှောက်လုံးမှာ အီဟာဂယောင်းဟာ ရှေ့နေ ၂ ယောက်ရဲ့ အကူအညီနဲ့ သူကိုယ်သူ ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ အီဟာဂယောင်းဟာ ကလေးတွေကို ဆေးညွှန်းစာပါဆေးကို အလွန်အကျွံ သောက်ခိုင်းခဲ့ပြီးမှ သူတို့အလောင်းတွေကို ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးပြီးတော့ ခရီးဆောင်အိတ်တွေထဲမှာ ထည့်ခဲ့တယ်လို့ တရားရုံးမှာ ကြားနာခဲ့ကြောင်း နယူးဇီလန် မီဒီယာက ပြောကြားခဲ့ပါတယ်။
ကလေးတွေရဲ့ဖခင်ဟာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ မိသားစုတစုက အွန်လိုင်းလေလံပွဲ တခုကနေ သူတို့ဝယ်ခဲ့တဲ့ သိုလှောင်ခန်းထဲမှာ ပစ္စည်းတွေကို စစ်ဆေးနေချိန်မှာ ကလေးတွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာပါ။
နယူးဇီလန် ရဲတပ်ဖွဲ့က လူသတ်မှုကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တောင်ကိုရီးယားကို ပြောင်းရွှေ့သွားတဲ့ အီဟာဂယောင်းကို ၂၀၂၂ ခုနှစ် နို၀င်ဘာလမှာ တရားရင်ဆိုင်ဖို့ လွှဲအပ်ခဲ့ပါတယ်။ အီဟာဂယောင်းကို နိုဝင်ဘာ ၂၆ ရက်မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။
Source: Reuters




