Home
မြန်မာသတင်း
ဟင်္သာတတွင် ဆရာဝန် လင်မယား ၂ ဦး ဓားထိုးခံရပြီး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
September 9, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်မှာ  ဆေးခန်းထဲ ရုတ်တရက်ဝင်လာတဲ့ အမျိုးသားတယောက်က ဓားနဲ့ဝင်ထိုးမှုကြောင့် ဆရာဝန်လင်မယား ၂ ယောက် သေဆုံးသွားပြီး နောက်ထပ် ၂ ယောက်ပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်က ဟင်္သာတမြို့၊ ပါဆယ်လမ်းမှာရှိတဲ့ သွားဆရာဝန်ရဲ့ နေအိမ် ဆေးခန်းကို မျက်နှာ Mask တပ်ထားပြီး PCX ဆိုင်ကယ်အဖြူ စီးလာတဲ့ လူငယ်တယောက်က ရုတ်တရက် ဝင်ရောက်လာကာ ဆရာဝန်နဲ့ ဇနီးဖြစ်သူတို့ကို အနီးကပ် ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာလို့ သိရပါတယ်။

ဖြစ်စဥ်ကို သိရှိတဲ့မြို့ခံတယောက်က “ရုတ်တရက် ဝင်တိုက်ခိုက်တာ ခံရတာပေါ့နော်။ သာမန်လူတွေလိုပဲ လာတာလေ။ ဆရာဝန်က သွားဆရာဝန်ပါ။ ဆရာဝန်လင်မယား ဆုံးသွားတယ်။ ဖြစ်စဥ်ကို ဆွဲခဲ့တဲ့ ဆေးခန်းအကူ ဝန်ထမ်းလူငယ်နဲ့ အဘွားတယောက်ပါ ဓားနဲ့ထိုးခံရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်” လို့ ပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ဒဏ်ရာကြောင့် ဆရာဝန်ရဲ့ အမျိုးသမီးဟာ နှလုံးကိုတချက်၊ ရင်ညွန့်တချက်၊ ပခုံးတချက် ဓားဒဏ်ရာတွေကြောင့် နေရာမှာပဲ သေဆုံးခဲ့ပြီး ဆရာဝန်ဖြစ်သူကတော့ ဆေးရုံပို့ဆောင်စဥ် လမ်းမှာပဲ သေဆုံးခဲ့ကာ ဆေးခန်းအကူ လူငယ်က အတွင်းလူနာ စိုးရိမ်ရနဲ့ ဟင်္သာတဆေးရုံကြီးမှာ ဆေးကုသနေရပြီး အဘွားအိုကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိတာမို့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “လောလောဆယ်တော့ ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်တယ်လို့ပဲ သက်ဆိုင်ရာက ကောက်ချက်ချထားတယ်။ ဆရာဝန်က ဒေါက်တာ ဦးခင်မောင်ထွန်း ဆိုသူပါ။ သွားဆေးခန်းနဲ့ အိမ်နဲ့က တွဲဖွင့်ထားတာ။ သွားပြချင်လို့ပါဆိုပြီး အိမ်ထဲဝင်လာပြီး ဓားနဲ့ဝင်ထိုးတာ။ ဆရာဝန်ကို အရင်ထိုးတာ။ မိန်းမက ဝင်ကာလို့ မိန်းမကိုပါ ထိုးခံရတာလို့ သိရတယ်။ ဆေးခန်းအကူ လူငယ်လည်း စိုးရိမ်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အခု ဓားထိုး လူသတ်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီရဲ့ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ မလှမ်းမကမ်းမှာ တည်ရှိပြီး ဖြစ်စဥ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဓားထိုး လူသတ်မှု ကျူးလွန်ခဲ့သူဟာ အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး ကျူးလွန်သူဟာ PCX ဆိုင်ကယ်အဖြူရောင်နဲ့ Mask တပ်ဆင်ထားပြီး ဆိုင်ကယ်နဲ့ မောင်းပြေးသွားကာ လက်ရှိအချိန်အထိ ကျူးလွန်တဲ့သူကို ဖမ်းမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013