Home
မြန်မာသတင်း
တိုကျိုနိုက်ကလပ်တွင် မြန်မာအချင်းချင်း ရန်ဖြစ်ပြီး ၁ ဦး သေဆုံး၊ ၃ ဦး ဖမ်းဆီးခံရ
ဇော်ဇော်လှိုင်
·
August 18, 2025

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ နိုက်ကလပ်အများအပြားရှိတဲ့ ရှင်ဂျုကုရပ်ကွက်က လမ်းမပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် မနက်အစောပိုင်းက မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက် ၂၂ နှစ်အရွယ် မောင်ချစ်ပို ဆိုတဲ့ မြန်မာကျောင်းသားတယောက် သေဆုံးခဲ့ပါတယ်။

မောင်ချစ်ပို သေဆုံးရတာဟာ ဝိုင်ပုလင်းနဲ့ ဦးခေါင်းကို အရိုက်ခံရတာကြောင့် ဆိုပြီး တိုကျို ရှင်ဂျုကုနေ မြန်မာနိုင်ငံသား ဇော်မျိုးသက် (၂၄ နှစ်)၊ တိုရှီးမ မှာနေတဲ့ အလုပ်လက်မဲ့ နိုင်လင်းဦး (၂၈ နှစ်) နဲ့ ခိတ မှာနေတဲ့ အသက်မွေးဝမ်းကျောင်း ကောလိပ်ကျောင်းသား ဖြိုးမြတ်မင်း (၂၀ နှစ်) တို့ကို လူသတ်မှုနဲ့ စွဲချက်တင် ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

တိုကျိုမြို့တော်ရဲဌာန အဆိုအရ အခင်းမဖြစ်မီအချိန်က အခင်းဖြစ်ပွားတဲ့ အနီးနားရှိ နိုက်ကလပ်တခုမှာ သံသယရှိသူ ၃ ယောက်နဲ့ သေဆုံးသူကျောင်းသားတို့ ပါဝင်တဲ့ အဖွဲ့ ၂ ဖွဲ့တို့ အချင်းများ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကလပ်အပြင်ရောက်ချိန် ထပ်မံဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားတဲ့ အကြောင်းရင်း အချက်အလက်တွေကို ရဲဌာနက အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ရဲဌာနက စစ်ဆေးမေးမြန်းရာမှာ သံသယရှိသူ ၃ ယောက်အနက် တယောက်ဖြစ်သူ ဇော်မျိုးသက်က စွဲချက်တွေကို တစိတ်တပိုင်း ငြင်းဆိုထားပြီး “ကျနော်က သူ့ကို ရိုက်ခဲ့တာမှန်ပေမဲ့ သတ်ဖို့ မရည်ရွယ်ပါဘူး” လို့ ပြောဆိုခဲ့ပြီး ကျန် ၂ ယောက်ကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ဇွန် ၁၅ ရက်ကလည်း ချီဘားခရိုင်မှာ မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပြီး ဓားနဲ့ထိုးလို့ တယောက် သေဆုံးခဲ့ကာ အသက် ၂၄ နှစ်အရွယ် ထွန်းထွန်းဝင်း  အဖမ်းခံထားရပါတယ်။

တိုကျိုမြို့မှာ အနှစ် ၃၀ နီးပါး နေထိုင်နေတဲ့ အသက် ၅၀ အရွယ် မြန်မာအမျိုးသားတယောက်က တိုင်းပြည်က အမှောင်ကျနေချိန် အခုလို မြန်မာနိုင်ငံသားတယောက် ဆိုပြီး ရာဇဝတ်မှုသတင်းတွေ ပါလာတာ စိတ်လာရင် ဂျပန်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ်မှာ အမြင်ဆိုးတွေ ရှိလာနိုင်လို့ စိုးရိမ်မိတယ်လို့ DVB ကို ပြောပါတယ်။

ဇွန်လကစပြီး မြန်မာအချင်းချင်း ဓားထိုးမှု ၃ မှု၊ မဖွယ်မရာလုပ်မှု ၃ မှု၊ ခိုးမှု ၃ မှု၊ အခုအမှုပါ လူသတ်မှု ၂ မှုမှာ မြန်မာနိုင်ငံသားတွေ ကျူးလွန်ခဲ့တဲ့ သတင်းတွေကို ဂျပန်သတင်းဌာနတွေမှာ တွေ့ရှိခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013