
အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာနေချိန်မှာ နိုင်ငံသားတွေအနေနဲ့ ပြည်တွင်းဖြစ်ကို အားပေးကြဖို့ နှိုးဆော်တိုက်တွန်းတဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက စတင်လိုက်ပါတယ်။
ရုရှားရေနံဝယ်တဲ့ အိန္ဒိယရဲ့ ပို့ကုန်တွေအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း အမေရိကန်က ချမှတ်ခဲ့အပြီးမှာ မိုဒီက “ဆွာဒေရှီ” လို့ခေါ်တဲ့ မိမိဒေသထွက်ကုန်တွေကို သုံးစွဲရေး လှုပ်ရှားမှုကို ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရက ပြည်တွင်းသုံးစွဲမှု မြှင့်တင်ဖို့အတွက် ကုန်စည်နဲ့ ဝန်ဆောင်မှုခွန် (GST) ကိုလည်း အကြီးအကျယ် လျှော့ချပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ စည်းကြပ်ခွန်ဒဏ်ကို လျော့ပါးစေပြီးတော့ ပြည်သူတွေ ပိုသုံးစွဲနိုင်ဖို့နဲ့ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဖို့ ရည်ရွယ်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
နို့နဲ့ ပေါင်မုန့်လို အခြေခံစားသောက်ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး အိမ်စီးကား၊ တီဗီနဲ့ အဲယားကွန်းလို ပစ္စည်းတွေကိုလည်း အခွန်သိသိသာသာ လျှော့ချပေးမှာ ဖြစ်ပါတယ်။
မိုဒီရဲ့ ထောက်ခံသူတွေကတော့ မက်ဒေါ်နယ်၊ ပက်ပ်ဆီ၊ အက်ပဲလ် စတဲ့ အိန္ဒိယမှာ လူကြိုက်များတဲ့ အမေရိကန် အမှတ်တံဆိပ်တွေကို မသုံးစွဲကြဖို့ နှိုးဆော်နေကြပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ အိန္ဒိယဟာ အမေရိကန်ထုတ်ကုန်တွေအတွက် အဓိကစျေးကွက်ကြီးတခု ဖြစ်ပြီး အမေရိကန် အွန်လိုင်းစျေးဖြစ်တဲ့ Amazon ကနေ ဝယ်ယူမှုလည်း အထူးများပြားပါတယ်။
Source: Reuters


