Home
မြန်မာသတင်း
မြန်မာခရီးစဉ် ရွှေ့ဆိုင်းဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော  
DVB
·
September 22, 2025
Photo: REUTERS/Hasnoor Hussain

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဒ် ဟာဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး The Sun Malaysia သတင်းစာမှာ စက်တင်ဘာ ၁၉ ရက်က ဖော်ပြပါတယ်။

နေပြည်တော်ခရီးစဉ်ကို အစပိုင်းက ပြီးခဲ့တဲ့  သောကြာနေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ကာ ရှောင်လွှဲမရတဲ့ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ဆိုပါတယ်။

ခရီးစဉ်အချိန်ဇယားနဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို မကြာမီအချိန်အတွင်း မျှဝေမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဝန်ကြီးဌာနအနေနဲ့ ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ နားလည်မှုအပေါ်  ကျေးဇူးတင်ကြောင်းလည်း ဖော်ပြခဲ့တာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ပြီးတော့ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ လိုက်ပါဖို့ စီစဉ်ထားတဲ့ ဒီခရီးစဉ်မှာ မြန်မာစစ်တပ်က ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ် အစီအစဉ်တွေကို အာဆီယံ ကိုယ်စားလှယ်အဖွဲ့က မေးမြန်းရယူသွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ အခုနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာထားခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတဝန်း ရွေးကောက်ပွဲ ကျင်းပမှု ဖော်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ အစောပိုင်းကာလတုန်းက တောင်းဆိုခဲ့သလို မြန်မာနိုင်ငံ ၆၃  မြို့နယ် အရေးပေါ် အခြေအနေအရ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ ထောက်ပြထားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ ခေါင်းဆောင်တွေဆီ တင်ပြဖို့ ပိုမိုရှင်းလင်းတဲ့ မြန်မာစစ်အုပ်စုရဲ့ အဖြေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လိုလားနေတာလို့ သတင်းက ဆိုပါတယ်။

လတ်တလော အခြေအနေမှာတော့ အာဏာသိမ်းစစ်ခေါင်းကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ခွင့်မပေးတဲ့ မူဝါဒကို အာဆီယံက စွဲကိုင်ထားတာ ဖြစ်ပါတယ်။

Source: The Sun Malaysia

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024