Home
မြန်မာသတင်း
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို CRMH ကြေညာ
DVB
·
September 19, 2025

မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) က စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံကိုတော့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကနေတဆင့် စက်တင်ဘာ ၁၆ ရက်မှာ CRMH က အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

ဒီအစီအမံမှာ အခန်း ၁၂ ခန်းပါဝင်ပြီး ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိစေရေးနဲ့ တော်လှန်ရေးအင်အားစု အသီးသီးတို့နဲ့ ဟန်ချက်ညီညီ လက်တွဲပြီး မန္တလေးဒေသရဲ့ တော်လှန်ရေးလုပ်ငန်းများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တာဝန်တွေကို အကောင်အထည်ဖော်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒီအစီအမံရဲ့ အခန်း ၇ မှာတော့ ဒီအစီအမံအရ အုပ်ချုပ်ရေးအာဏာကို မန္တလေးဒေသ ကြားကာလအုပ်ချုပ်‌ရေးကောင်စီ (Mandalay Interim Governing Council - MIGC) ကို အပ်နှင်းထားတယ်လို့ သိရပါတယ်။

MIGC ကိုတော့ ကြားကာလ နိုင်ငံရေးအစီအမံ စတင်အကျိုးသက်ရောက်တဲ့နေ့ကစလို့ ၄၅ ရက်အတွင်း ဖွဲ့စည်းရမှာဖြစ်ပြီး ကောင်စီဝင်ဦးရေ အနည်းဆုံး ၉ ယောက်ကနေ အများဆုံး ၁၅ ယောက်နဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကောင်စီဝင်ဆိုပြီး ဖွဲ့စည်းရမယ်လို့ အစီအမံ (မူကြမ်း) က သတ်မှတ်ထားပါတယ်။

ကောင်စီဝင် ရွေးချယ်မှုအတွက် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံက အဖွဲ့ဝင်  ၁၁ ယောက်ကနေ ၁၅ ယောက်အထိ ပါဝင်တဲ့ “ကောင်စီဝင် ရွေးချယ်စိစစ်ရေးအဖွဲ့” ကို အရင်ဖွဲ့စည်းရမှာ ဖြစ်ပြီးတော့ ရွေးချယ်ရေးအဖွဲ့ဝင်တွေကိုလည်း လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းကတည်းက ရှိခဲ့တဲ့ အစုအဖွဲ့ ၆ ခုက စေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းရမယ်လို့ အစီအမံမှာ ဖော်ပြထားပါတယ်။

MIGC ဟာ ကောင်စီဝင်တွေရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့် သတ်မှတ်ခြင်း၊ နုတ်ထွက်ခြင်း၊ လစ်လပ်ခြင်း၊ အစားထိုးခြင်း၊ အယုံအကြည်မရှိအဆို တင်သွင်းခြင်း၊ စွပ်စွဲပြစ်တင်ခြင်း အပါအဝင် ကောင်စီလုပ်ငန်းတာဝန်တွေ စနစ်တကျ လည်ပတ်ဆောင်ရွက်နိုင်ဖို့အတွက် ကောင်စီဖွဲ့ပြီး ၆ လအတွင်း “မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီဆိုင်ရာ ဥပဒေကြမ်း” ကို CRMH ကို ပေးပို့ရမယ်လို့ အစီအမံမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

ကောင်စီသက်တမ်းကတော့ ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးကာလ ပြီးမြောက်တဲ့အထိ ဖြစ်တယ်လို့ ဖော်ပြထားပြီး ကောင်စီဖွဲ့ပြီး ၂ နှစ်အတွင်း ကြားကာလ မပြီးမြောက်ပါက အစီအမံပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကောင်စီအသစ် ပြန်လည်ဖွဲ့စည်းရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဒီအစီအမံမှာ အခန်း ၁၂ ခန်းအပြင် နောက်ဆက်တွဲ ၁ ပါ ပါရှိပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ မန္တလေးဒေသအကြား အာဏာခွဲဝေခြင်းဆိုင်ရာ အခြေခံမူတွေကို ဖော်ပြထားတာပါ။

ဖော်ပြချက်အရ ဥပဒေပြု အာဏာခွဲဝေရေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ CRMH တို့က ညှိနှိုင်းဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်ဘဏ္ဍာ စီမံရေးကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့က ညှိနှိုင်းသတ်မှတ်ရမှာ ဖြစ်ပါတယ်။

နောက်ပြီး အာဏာခွဲဝေမှုတွေဟာ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်စေဖို့နဲ့ ပြည်သူ့အကျိုးကို အမြင့်မားဆုံး ဦးတည်ကာ ဆောင်ရွက်ရမှာဖြစ်ပြီး အာဏာခွဲဝေခြင်း ကိစ္စရပ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တနှစ်ကို အနည်းဆုံး တကြိမ် ပြန်လည်ဆွေးနွေး ညှိနှိုင်းပြီး သုံးသပ်ရမှာလည်း ဖြစ်ပါတယ်။

ဒီအစီအမံကို အကောင်အထည်ဖော်ဖို့အတွက်ကိုတော့ CRMH က ဦးဆောင်ပြီး ဒေသတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013