Home
မြန်မာသတင်း
မိုးကုတ်-မန္တလေး အမြန်ယာဥ် ခရီးသည်ပို့‌ဆောင်မှု ရပ်နား
DVB
·
September 18, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ မန္တလေးကိုသွားတဲ့ ခရီးသည်နည်းပါးတဲ့အပြင် မန္တလေးကနေ မိုးကုတ်ကို တက်လာတဲ့ ခရီးသည် နည်းပါးတာကြောင့် မိုးကုတ်-မန္တလေး ပြေးဆွဲနေတဲ့ အမြန်ယာဥ်ငယ် မောင်းနှင်တဲ့ ကားသမားတွေ သြဂုတ်လက စတင်ပြီး ရပ်နားနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲ မတိုင်ခင်က မိုးကုတ်-မန္တလေးလမ်းကို ၅ နာရီဝန်းကျင်သာ ကြာပြီး လမ်းအခြေအနေ ကောင်းခဲ့ပေမဲ့ မြို့သိမ်းတိုက်ပွဲပြီးနောက် ကွင်းလမ်းကနေ ပတ်သွားရတဲ့အတွက် ခရီးသည်မပြည့်ရင် ကားသမားတွေအတွက် အခက်အခဲရှိတယ်လို့ ကားမောင်း ရပ်နားထားရတဲ့ ခရီးသည်ပို့ဆောင်ရေး ကားသမားတယောက်က ပြောပါတယ်။

“မိုးကုတ်ကနေ ၂ ယောက်တည်း ဆင်းပြီး ပြန်တက်မယ်ဆို ခရီးသည်မရှိတဲ့အခါ၊ ခရီးသည် နည်းတဲ့အခါ ရတာနဲ့ မကိုက်တော့ဘူး။ လမ်းမ‌ကောင်းတာလည်း ပါတယ်။ ခရီးလမ်းကလည်း အနည်းဆုံး တရက်လောက် သွားရတော့ ခရီးသည်မပြည့်ရင် မကိုက်လို့ ကားသမားတွေက မဆင်းကြတော့တာ။”

မိုးကုတ်ကနေ မန္တလေးကို ခရီးသည်ပို့ရင် ဓာတ်ဆီဖိုး၊ လမ်းကြေး၊ ဇက်ကူးခနဲ့ အနည်းဆုံး ကုန်ကျစရိတ် ၅ သိန်းရှိပေမဲ့ ခရီးသည်တယောက်ကို ၂ သိန်းခွဲဝန်းကျင်သာ ရတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင်လနဲ့ သြဂုတ်လအတွင်း လေကြောင်းကနေ ဗုံး ၈ ကြိမ် ကြဲချ တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြို့ထဲက ပြည်သူအချို့ စစ်ရှောင်ကြတဲ့ ကာလအတွင်းပဲ ခရီးသည်ရှိတာလို့ ပြောပါတယ်။

မိုးကုတ် မြဝတီ ကားသမားတယောက်က “အရင်က မိုးကုတ်၊ မြဝတီ ကားမောင်းတယ်၊ ခုက မကိုက်လို့။ ခရီးသည်လည်း ပါးသွားတာနဲ့ နားထားရတာ။ ခုက ကားသမား တော်‌တော်များများ နားထားကြတယ်။ ကားဂိတ်တွေက ဖွင့်တယ်၊ ထွက်တဲ့ကား နည်းတာ။ ကားသမားတွေက တခြားအလုပ်လည်း မရှိဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့ကနေ ခရီးသွားဧည့်သည် မရှိတာကြောင့် ကားဂိတ် ၅ ခုလောက် ရပ်နားထားရပြီး ကားဂိတ်တခုမှာ ကား ၁၀ စီး ပြေးဆွဲတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013