
မန္တလေးတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုများတာကြောင့် ကျုံးအနောက်ဘက်ခြမ်းက ငလျင်ဒဏ်ထိ နန်းမြို့ရိုးတချို့ ပြိုကျမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးဒဏ်ကြောင့် မန္တလေးတိုင်းက လမ်း ၈၀၊ ၂၆ လမ်းနဲ့ ၁၂ လမ်းထောင့်အနီးက နန်းမြို့ရိုးတချို့ စက်တင်ဘာလ ၁၅ ရက်က စတင်ကာ ပြိုကျနေတာလို့ ဆိုပါတယ်။
မန္တလေးမြို့ခံတယောက်က “အခု ရေထိတော့ ငလျင်ဒဏ်ကြောင့် ထိထားတဲ့ နန်းမြို့ရိုး ပြိုကျတာ။ သိသိသာသာကို ပြုတ်ကျနေတာ။ သက်ဆိုင်ရာက ပြုပြင်တာတို့ ဘာတို့လုပ်မှမလုပ်တာ” လို့ ပြောပါတယ်။
အင်အားပြင်း ငလျင်ဒဏ်ထိထားတဲ့ ကျုံးအနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းက နန်းမြို့ရိုးတချို့ အက်ကွဲပျက်စီးတာတွေ ဖြစ်ပေါ်နေပေမဲ့ စစ်ကောင်စီက မိုးကာစတွေနဲ့သာ အုပ်မိုးဖုံးထားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့ခံ စာရေးဆရာတယောက်က “စစ်ကောင်စီက ငလျင်ပြီးကတည်းက ပြုပြင်ထိန်းသိမ်းတာတွေ ဘာမှကိုမလုပ်ဘဲ ထားထားတော့ မန္တလေးတိုင်းက ရှေးဟောင်းသမိုင်းဝင် အထင်ကရ ပြယုဂ် နန်းမြို့ရိုးကြီးလည်း ဆုံးရှုံးရမှာ သေချာတယ်” လို့ ပြောပါတယ်။
မိုးရွာသွန်းတဲ့ဒဏ်ကြောင့် ပြိုကျသွားတဲ့ နန်းမြို့ရိုးနေရာအနီးမှာ စစ်ကောင်စီတပ်သားတချို့က ရှင်းလင်းရေး လာလုပ်နေပြီး အုတ်အကျိုးတွေကို သယ်ယူနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခု စက်တင်ဘာ ၁၂ ရက်က စတင်လို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ဒဏ်ကြောင့် မန္တလေးမြို့အတွင်းက ရပ်ကွက်တွေ၊ လမ်းတွေ၊ ဈေးတွေအပါအဝင် ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ်တခုလုံး ရေနစ်မြုပ်နေပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။