မန္တလေးမြို့ပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စက်တင်ဘာ ၁၄ ရက်က ရုတ်တရက် ရေကြီးရေလျှံပြီး လမ်းပေါ်မှာ ယာဉ်အသွားအလာတွေ ပိတ်မိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက် ည ၁၀ နာရီလောက်က စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းတာကြောင့် မန္တလေးမြို့က အဓိကလမ်းမကြီးတွေဖြစ်တဲ့ ၃၅ လမ်း၊ ၆၂ လမ်း၊ လမ်း ၆၀၊ ၆၅ လမ်း၊ ၂၉ လမ်း၊ လမ်း ၃၀၊ ၇၄ လမ်း၊ ၆၃ လမ်း စတဲ့လမ်းမကြီးတွေရဲ့ နေရာတချို့မှာ ရေမြုပ်ခဲ့တာလို့ သိရပါတယ်။
မန္တလေး ၃၅ လမ်းက ဒေသခံက “ရေတွေ အရမ်းများနေတော့ ဆိုင်ကယ်တွေဆို ဆင်းကို တွန်းနေရတာ။ ကားကြီးတွေဆို မသွားဘဲကို ရပ်ထားရတာ။ လမ်းတွေပိတ်တာပေါ့။ နေရာ တခု နှစ်ခု မဟုတ်ဘူး၊ အနှံ့ပဲ ဖြစ်နေတာ။ မိုးကလည်း ပြတ်သွား ခဏပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြား၊ ၈၆ လမ်းမှာလည်း စိန်ပန်းပင်လဲကျပြီး ကားတစီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ ၆၃ လမ်းက မြို့ခံတယောက်က “မနေ့ကလည်း ညလုံးပေါက်ရွာတာ။ အခု (မနက်) လည်း ရွာနေတယ်။ ရေတွေကလည်း ထပ်တိုးနေတယ်။ အန္တရာယ်ရှိလောက်တဲ့ အခြေအနေမဖြစ်ဖို့ ဆုတောင်းနေရတယ်။ တချို့နေရာတွေဆို ရေက ၄ ပေ ၅ ပေလောက်ကို တက်ဖြစ်တော့” လို့ ပြောပါတယ်။
မိုးရွာသွန်းမှု အားကောင်းနေတာကြောင့် မန္တလေးမြို့က အဓိကလမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေမှုကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ ရက်မှာလည်း မန္တလေးမှာ မိုးဆက်လက်ရွာနိုင်ပြီး ရွာဖို့ ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မိုးဇလဌာနကလည်း စက်တင်ဘာ ၁၄ ရက် မိုးလေသခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးခြင်းတွေကြောင့် မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် အထူးသတိပြု နေထိုင်သင့်ကြောင်း သတိပေးထားပါတယ်။