မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သိမ်ကုန်းနဲ့ မရိုးကုန်းကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ထပ်မံဖြစ်ပေါ်လာလို့ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ် ၃၀ ကျော် ထပ်မံရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ပထမအပတ်နဲ့ အခု တတိယအပတ်ထဲမှာ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်လာပြီး လူနေအိမ် အလုံး ၃၀ ကျော်နဲ့ ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ရုတ်တရက်ဆိုသလို ပြိုကျတာဆိုပေမဲ့ ရှောင်ချိန်ရလိုက်တော့ တော်သေးတာ။ ထိခိုက်သေဆုံး မရှိဘူး။ နောက်ထပ် ကမ်းပါးပြိုနိုင်တဲ့နေရာတွေက အိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့တာပါ” လို့ ပြောပါတယ်။
လက်ရှိ ကမ်းပြို သဘာဝဘေးဒဏ်သင့်သူတွေဟာ ယာယီ တဲထိုးနေထိုင်သူတွေရှိသလို မိသားစုအိမ်တွေမှာ ယာယီ ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိပြီး ကမ်းပါးပြိုကျတဲ့ ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “ရွှေ့ပြောင်းထားရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့ မြေနေရာမရရှိသေးဘူး ဖြစ်နေတယ်။ အဓိကကတော့ မြေနေရာအခက်အခဲ ကြုံတွေ့နေရတာ” လို့ ပြောပါတယ်။
ပခုက္ကူမြို့နယ် မြင်းကျွန်အုပ်စုရှိ မြင်းကျွန်း၊ သိမ်ကုန်းနဲ့ မရိုးကုန်းကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုတွေ ဖြစ်ပေါ်နေပြီး မြင်းကျွန်းကျေးရွာမှာလည်း ကမ်းပါးပြိုကျမှုကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က ပခုက္ကူမြို့နယ်ထဲက သိမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနဲ့ ခြောက်ဦးသာကျေးရွာက အခြေခံပညာ အထက်တန်းကျောင်းခွဲတို့ကို ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ ကမ်းပါးပြိုကျမှုကြောင့် အရေးပေါ်ဖျက်သိမ်း ပြောင်းရွှေ့ရေး လုပ်ငန်းတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရပ်သားတွေက စုပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။