Home
မြန်မာသတင်း
ကန့်ဘလူ ဇီးကုန်းရဲစခန်းကို PDF တိုက်ခိုက်၊ စခန်းမှူး အပါအဝင် ၅ ဦးကို သုံ့ပန်းအဖြစ်ဖမ်းမိ
DVB
·
September 18, 2025

စစ်ကိုင်းတိုင်း၊‌ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အတွင်းမှာရှိတဲ့ ရဲစခန်းကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားပြီး စခန်းမှူး အပါအဝင် ၅  ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ ဇီးကုန်းမြို့ခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာကြောင့် မြို့ခံပြည်သူတွေ စိုးရိမ်နေကြပြီး စစ်တပ်ရဲ့ ဖမ်းဆီးခံရမှာကို ကြောက်လန့်နေတယ်လို့လည်း သိရပါတယ်။

ဇီးကုန်းမြို့ခံ ပြည်သူတယောက်က “အခုလို ရုတ်တရက်ကြီး တိုက်ပွဲဖြစ်တာဆိုတော့ ဘယ်လိုမှ ထင်မှတ်မထားဘူး။ အုန်းဒိုင်းဆိုတဲ့ အသံကြားမှ တိုက်ပွဲဖြစ်နေကြပြီဆိုတာကို စသိရတာ။ စခန်းထဲက စစ်ကောင်စီတွေကတော့ အကုန် သေသလား၊ ရှင်သလား‌တော့ မသိရဘူး။ ရဲစခန်းက‌တော့ အခုလက်ရှိ မီးလောင်နေတယ်။ အိမ်အပြင် ထွက်မကြည့်ရဲဘူးဗျ။‌ တော်ကြာ စစ်တပ်က ဓားစာခံဖမ်းဆီးခံရမှာလည်း ကြောက်ရသေးတယ်။ အခု စစ်ကောင်စီစစ်ကြောင်းက ကျနော်တို့ ဇီးကုန်းဘက်ကို စစ်ကြောင်းထိုးလာနေပြီလို့လည်း ကြားရတယ်။ ပစ်သံ‌တွေကတော့ ညနေ ၄ နာရီလောက်က ရပ်သွားပြီး ရဲစခန်း မီးလောင်နေတာကို အိမ်ထဲကနေ မြင်နေရတယ်” လို့ ပြောပါတယ်။

ကန့်ဘလူခရိုင် ပကဖလှုပ်ရှားတပ်ဖွဲ့၊ ရေဦးမြို့နယ် ပကဖ လက်ရုံးတပ်စိတ်နဲ့ ဒေသခံ ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ကန့်ဘလူမြို့နယ် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “တိုက်ပွဲကတော့ လှတယ်။ ဇီးကုန်းရဲစခန်းထဲကို ကျနော်တို့ အကုန်ရှင်းလင်းနိုင်ခဲ့တယ်ဗျ။ စခန်းထဲက‌နေ G3 ၅ လက်၊ G4 ၅ လက်၊ MA 13 ဆိုတာ (--)စစ်သားကိုင်တဲ့ ဘတ်တာခေါ်တာ တလက်၊ ၆ လုံးပြူး တလက် စုစုပေါင်း ၁၂ လက် ရရှိခဲ့တယ်ဗျ။ ဒါ့အပြင် စခန်းမှူး အပါအဝင် စစ်သုံ့ပန်း ၅ ယောက်ပါ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်တပ်ဘက်က စစ်ကူလာနေတယ်လို့ သတင်းရတာနဲ့ တပ်နောက်ပြန်ဆုတ်ခဲ့တာကြောင့် စစ်သား အသေအဆုံး အတိအကျကိုတော့ မသိဘဲ ကိုယ့်ဘက်က ရဲ‌ဘော်‌တွေကတော့ အထိအခိုက် မရှိခဲ့ဘူးလို့လည်း သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ဇီးကုန်းရဲစခန်းဟာ ရဲအပါအဝင် ပျူစာထီးနဲ့ စစ်သား ၃၀ ခန့်ရှိတဲ့စခန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013