
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း လက်နက်ချ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၂,၀၂၉ ယောက် ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၅ ယောက်အနက် ၂ ယောက်မှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၁၀ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ အလင်းဝင်လာသူ ၁၀ ယောက်ရှိပြီး စစ်သုံ့ပန်း ဖမ်းဆီးခံရသူ ၆ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးစက်ဝန်းထဲ ပိတ်မိချိန် ကြာမြင့်လာတာနဲ့အမျှ အနားမရမှု၊ အဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာနေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ပင်ပန်းနေပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၉ ကနေ ၁၇ အထိ အပတ်စဉ် ၉ ခု ဖွင့်လှစ်ခဲ့ပြီး လူငယ် ၈,၀၀၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။