Home
နိုင်ငံတကာ
ချာလီကာ့ခ်ကို လုပ်ကြံသူအား သေဒဏ်ပေးရန် အစိုးရရှေ့နေများ ကတိပြု
DVB
·
September 17, 2025
Photo: Reuters

ချာလီကာ့ခ် လုပ်ကြံသူကို သေဒဏ်ပေးဖို့ ယူတားအစိုးရရှေ့နေတွေ ကတိပြုထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ တေလာရော်ဘင်ဆန်ဟာ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ကို ပစ်ခတ်လုပ်ကြံခဲ့တာနဲ့ ပတ်သက်ပြီး အပြည့်အစုံ ဖွင့်ဟထားပါတယ်။

အဲဒီအထဲမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့် ဒီလိုကျူးလွန်ခဲ့တာဆိုတဲ့ မက်ဆေ့ချ်ပေးပို့မှု သက်သေတွေလည်း ပါဝင်ပါတယ်။

“ချာလီကာ့ခ်ကို အရမ်းမုန်းတယ်” လို့ အခန်းဖော် ချစ်သူကို တေလာရော်ဘင်ဆန်က ပြောခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

တေလာရော်ဘင်ဆန်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူတားဗယ်လီတက္ကသိုလ်မှာ ကာ့ခ်ရဲ့ လည်ပင်းကို ခေါင်မိုးပေါ်ကနေ ပစ်ခတ်ခဲ့တဲ့ တရားခံ ဖြစ်ပါတယ်။

ယူတားကောင်တီခရိုင် တရားသူကြီး ဂျက်ဖရီဂရေးဟာ ရော်ဘင်ဆန်ကို အမှု ၇ မှုနဲ့ အင်္ဂါနေ့က စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ လက်မခံနိုင်စရာ လူသတ်မှု၊ သက်သေဖျောက်ဖျက်မှုနဲ့ သူ့ရဲ့အခန်းဖော်ကို မက်ဆေ့ချ်ပေးပို့မှု သက်သေတွေကို ဖျက်ခိုင်းမှုတို့ ပါဝင်ပါတယ်။

ကာ့ခ် အသတ်ခံရတာနဲ့ ပတ်သက်လို့ တရားခံကို သေဒဏ်ပေးဖို့လိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် နိုင်ငံရေးသမားတချို့က ပြောဆိုထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဂယ်ရီက တရားခံကို သေဒဏ်ပေးလို့ရမယ့် ဆုံးဖြတ်ချက်မျိုး သူရှာဖွေနေကြောင်း၊ အခြေအနေတွေ၊ သက်သေအထောက်အထားတွေ၊ ပြစ်မှုရဲ့သဘောသဘာဝ တွေကို ရှာဖွေနေကြောင်း ပြောဆိုထားပါတယ်။

ရော်ဘင်ဆန်ဟာ အင်္ဂါနေ့ နေ့လယ်က ထောင်ကတဆင့် ဗွီဒီယိုခေါ်ဆိုမှုနဲ့ ကနဦး တရားရုံးတက်ခဲ့ပါတယ်။

သူ့ရဲ့ပုံစံက ခံစားမှုမဲ့နေပေမဲ့ သေဒဏ်ကျခံရဖွယ်ရှိတယ်ဆိုတဲ့ တရားသူကြီး ဖတ်ပြတဲ့ စွဲချက်တွေကို နားထောင်ခဲ့ပါတယ်။

အဲဒီပုံရိပ်ထဲမှာ ရော်ဘင်ဆန်ဟာ နှုတ်ခမ်းမွေးတွေ ရိတ်ထားတာမျိုး မရှိသလို သူ့ကိုလုပ်ကြံမှုကနေ ကာကွယ်ဖို့ ကျည်ကာအင်္ကျီ ဝတ်ဆင်ပေးထားတာ တွေ့ရပါတယ်။

ဗွီဒီယို ခေါ်ဆိုနေချိန်အတွင်းမှာ ရော်ဘင်ဆန်ဟာ သူ့အမည်ကို ခေါ်တဲ့တချိန်သာ စကားပြောခဲ့တာလည်း တွေ့ရပါတယ်။

နောက်ထပ်ရုံးချိန်းကို စက်တင်ဘ ၂၉ ရက်နေ့ သတ်မှတ်ထားပြီး အဲဒီကြားနာမှုမတိုင်မီ တရားခံရှေ့နေ ထားပေးမယ်လို့ ယူတားစတုတ္ထတရားသူကြီးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရော်ဘင်ဆန်ကို ဝါရှင်တန်ကောင်တီ ထောင်မှာ အချုပ်အနှောင်မပါဘဲ ထောင်ချထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ရော်ဘင်ဆန်ရဲ့ အခန်းဖော်ချစ်သူဟာ ယောကျ်ားကနေ မိန်းမအဖြစ် လိင်ပြောင်းလဲထားသူဖြစ်ပြီး သူ့ဆီကနေ မှတ်စုတခု တွေ့ထားတယ်လို့ ပြောပါတယ်။

အဲဒီမှတ်စုမှာ “ချာလီကာ့ခ်ကို ရှင်းလင်းဖို့ အခွင့်အရေးရရင် ငါ အဲဒီအခွင့်အရေးကို အသုံးချမယ်” လို့ ရေးသားထားပါတယ်။ အခန်းဖော်က ရော်ဘင်ဆန်ကို “မင်းက အဲဒီတယောက်မဟုတ်လား” လို့ မေးခဲ့တာကိုလည်း ရော်ဘင်ဆန်က “ငါ စိတ်မကောင်းပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။

ရော်ဘင်ဆန်ဟာ အဘိုးဖြစ်သူရဲ့ ရိုင်ဖယ်ကို ယူပြီး လုပ်ကြံတဲ့နေရာမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

နောက်ထပ်မက်ဆေ့ချ်ထဲမှာ ရော်ဘင်ဆန်ဟာ လူသတ်မှုကျူးလွန်ပြီး ရိုင်ဖယ်ကို ချုံပုတ်ထဲမှာ ဖွက်ထားတယ် ဆိုတာလည်း တွေ့ရပါတယ်။

အဲဒီသေနတ်မောင်းမှာရှိတဲ့ DNA ဟာ ရော်ဘင်ဆန်နဲ့ ဆက်စပ်နေတယ်လို့လည်း အစိုးရရှေ့နေတွေက ဆိုပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024