
တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ စကားဘိုရို ရေတိမ်သောင်ခုံနားမှာ ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်မှာ ကာကွယ်ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပိုင်နက် အချုပ်အခြာအာဏာနဲ့ ရေကြောင်းအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အငြင်းပွားစရာ မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
အင်္ဂါနေ့က ဖြစ်ရပ်မှာ ဖိလစ်ပိုင်သင်္ဘော ၁၀ စင်းထက်မနည်း ပါဝင်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပြီး ဒီသင်္ဘောတွေဟာ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ဖြစ်တဲ့ စကားဘိုရို ရေတိမ်သောင်ခုံရဲ့ ရေပိုင်နက်ကို လမ်းကြောင်းအမျိုးမျိုးကနေ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်သင်္ဘော 3014 က အမှားအယွင်းလုပ်ခဲ့ပြီး တရုတ်ဘက်က အလေးအနက် သတိပေးချက်တွေကို လျစ်လျူရှုရင်း တရုတ်ကမ်းခြေစောင့်သင်္ဘောကို တမင်တကာ ဝင်တိုက်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက “ဖိလစ်ပိုင်ဘက်က ဒီလိုချိုးဖောက်မှုတွေနဲ့ ရန်စမှုတွေကို ချက်ချင်းရပ်သင့်ပြီး သူ့ရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို မစမ်းသပ်သင့်ပါဘူး” လို့ပြောခဲ့ပါတယ်။
Source: Reuters