
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာလိုတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်တွေ စက်တင်ဘာ ၁၆ ရက်ကစပြီး ဒီဇင်ဘာ ၅ ရက်အထိ လျှောက်ထားနိုင်ပြီလို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
ရွေးကောက်ပွဲကို စောင့်ကြည့်လိုသူတွေအနေနဲ့ လေ့လာလိုတဲ့ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားနိုင်ပြီလို့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စောင့်ကြည့်လေ့လာသူတွေအနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း ရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၅) နဲ့ ထုတ်ပြန်ခဲ့သလို လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၅) နဲ့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဖိတ်ကြားစာပေးပို့ပြီးဖြစ်စေ၊ စစ်ကော်မရှင်နဲ့ သံတမန်ဆက်သွယ်ထားတဲ့ နိုင်ငံခြားသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေနဲ့ အမြဲတမ်းကိုယ် စားလှယ်ရုံးတွေက ကိုယ်စားလှယ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် ဖိတ်ကြားပြီး လေ့လာခွင့်ပြုသွားမယ်လို့လည်း ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ တရားဝင်မှုရရှိရေးနဲ့ ပြည်ပနိုင်ငံတွေရဲ့ အသိအမှတ်ပြုခံရ ရေး ကြိုးပမ်းနေတာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ပြီးခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်မှာလည်း ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ စေလွှတ်ဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တာရှိပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။