
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ကောင်စီခန့် ဝန်ကြီး ၁၀ ယောက်ထက်မနည်းက စစ်တပ်ဩဇာခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်ကြမယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
သူတို့ကို စစ်ခေါင်းဆောင်က ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ ကြံ့ခိုင်ရေးပါတီထဲ ထည့်ထားခဲ့တာ ဖြစ်တယ်လို့လည်း စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကြံ့ခိုင်ရေးပါတီထဲကို အပို့ခံရတဲ့ သူတွေထဲမှာ အောင်လင်းဒွေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး လင်းအောင် (ဒုဗိုလ်ချုပ်ကြီး )၊ တေဇကျော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုဗိုလ်ချုပ်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးချစ်ဆွေ၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင်၊ ဦးအောင်နိုင်သူ၊ သက်ပုံ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးမျိုးသိန်းကျော်၊ ဦးဇော်နိုင်ဦး၊ တင်အောင်စန်း (အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး)၊ ဦးတင်ကိုကို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထွန်းအုံ၊ ကျန်းမာရေးဝန်ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီး Jeng Phang နော်တောင်၊ အလုပ်သမားဝန်ကြီး ဦးအောင်ကျော်ဟိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထဲရေး ဒုဝန်ကြီး ဦးစိုးတင့်နိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က “သူတို့ထဲမှာ တချို့က ပါတီထဲ မသွားချင်ကြဘူး။ ဒါပေမဲ့ အကြီးဆုံး (မအလ) က ပို့တာဆိုတော့ ငြင်းလို့မရကြဘူးလေ၊ အဲဒီလူတွေရောက်လာတော့ ကြံ့ဖွံ့က ဦးခင်ရီကလည်း ခေါင်းတွေကိုက်နေတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ရွေးတဲ့အခါ နိုင်ခြေရှိတဲ့နေရာမှာ ခင်ရီက ပြိုင်မှာလေ။ သူက သမ္မတဖြစ်ချင်တာကိုး။ အခုရောက်လာတဲ့ သူတွေကို သူက မဲဆန္ဒနယ် စီစဉ်ရမယ်။ သူစီစဉ်တဲ့အခါ သူ့မှာ အခက်အခဲရှိနေတယ်လို့ ကြားတယ်ဗျ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ်လို့ စစ်တပ် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာကြောင့် လက်ရှိမှာ နိုင်ငံရေးပါတီတချို့အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ပြည့်အောင် မနည်း ရုန်းကန်နေရတဲ့အချိန်မှာ ကြံ့ခိုင်ရေးပါတီကတော့ ကိုယ်စားလှယ်လောင်း အပြည့်အ၀ အသာစီးအနေအထားနဲ့ သူတယောက်တည်းပြိုင်၊ သူတယောက်တည်းနိုင် စနစ်ကို ဖော်ဆောင်နေတာလို့ ပြည်တွင်းမှာ သုံးသပ်ပြောနေကြပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။