Home
မြန်မာသတင်း
မောင်တော မြို့မဂျာမေဗလီကြီး ပြန်ဖွင့်သည့်အပေါ်  မြို့ခံမွတ်စလင်များ ကြိုဆို 
DVB
·
September 16, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၂၀၁၂ ခုနှစ် ပဋိပက္ခတွေဖြစ်ကတည်းက ၁၃ နှစ်ကြာ ဝတ်ပြုခွင့်ပိတ်ထားတဲ့ မြို့မဂျာမေဗလီကြီးကို စက်တင်ဘာ ၁၂ ရက်မှာ ပြန်လည်ဝတ်ပြုခွင့်ပြုလိုက်တဲ့အပေါ် ဝမ်းသာကြိုဆိုတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို မောင်တောခရိုင် မွတ်စလင်ရေးရာကောင်စီဝင်တွေ၊ အာရက္ခတပ်တော် (AA) ရဲ့ အရာရှိတွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ကြပြီး အခမ်းအနားနဲ့ ဖွင့်ပွဲ ပြုလုပ်ခဲ့ကြတယ်လို့ မောင်တောမြို့ခံ မွတ်စလင်တွေက ပြောပါတယ်။

မြို့မ ဂျာမေဗလီကြီးဟာ မောင်တောခရိုင်မှာ အကြီးဆုံးဗလီဖြစ်ပြီး ၂၀၁၂  ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်ချိန် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဝတ်ပြုခွင့်ပိတ်ထားတာဖြစ်ပြီး အခု ပြန်ပြီး ဝတ်ပြုခွင့်ရလို့ ဝမ်းသာကြတယ်လို့ မောင်တောမြို့ခံ မွတ်စလင်အမျိုးသားတယောက်က ပြောပါတယ်။

“မြို့မဗလီကြီးက ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ကတည်းက ဝတ်ပြုခွင့်ပိတ်ခံထားရတာ။ အခုပြန်ပြီး ဘုရားဝတ်ပြုခွင့်ရတော့ အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ဝမ်းသာတာပေါ့။ ဒီဗလီက ရခိုင်ပြည်မှာ ရှေးအကျဆုံးဗလီထဲမှာ ပါဝင်ပြီးတော့ မောင်တောခရိုင်မှာ အကြီးဆုံး ဗလီလည်း ဖြစ်တယ်။”

အဲဒီ မြို့မဂျာမေဗလီကြီးဖွင့်ပွဲမှာ အာရက္ခတပ်တော်ရဲ့ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊  မွတ်စလင်ရေးရာကောင်စီဥက္ကဋ္ဌနဲ့ ဂျူရီအကြီးအကဲတွေက ‌ဒေသတွင်းလူမှုသဟဇာတဖြစ်ရေး  အလေးထား ပြောကြား‌ခဲ့တယ်လို့ အခမ်းအနားတက်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အချို့မှာ ၂၀၁၂ အရေးအခင်းဖြစ်ပွားပြီးနောက် နာမည်ကြီး ဗလီတချို့ကို စစ်တပ်က ဝတ်ပြုခွင့်ပိတ်ပင်ထားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် ဘာသာရေးတင်းကျပ်ထားတာတွေကို လျှော့ချလာတယ်လို့ မြောက်ဦးမြို့နယ်  မွတ်စလင် ဘာသာရေးခေါင်းဆောင်တယောက်က ပြောပါတယ်။

“ရခိုင်မှာ ၂၀၁၂ အရေးအခင်းဖြစ်ပြီးနောက် ဝတ်ပြုခွင့်ပိတ်ထားတဲ့ ဗလီရာနဲချီရှိတယ်။ အရင် စစ်တပ် လက်ထက်တုန်းက ဗလီတွေလည်း အသစ်ဆောက်လုပ်ခွင့်မရှိဘူး။ အရင်ရှိနေတဲ့ ဗလီတွေမှာပဲ ကျပ်သိပ်ပြီး ဝတ်ပြုကြရတယ်။ အခု AA ထိန်းချုပ်လိုက်ပြီးနောက် ပိတ်ထားတဲ့ ဗလီတွေကို ပြန်ဖွင့်ပေးတာတွေရှိတယ်။ နောက် ဗလီအသစ်တွေ တည်ဆောက်ချင်တယ် ဆိုရင်လည်း အပေါ်ကိုတင်ပြလိုက်ရင် ခွင့်ပြုပေးတယ်။ အရင်ကထက် ဘာသာရေး လွတ်လပ်ခွင့်တွေ ရှိလာတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ မြို့နယ်အထိ သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေကို ဖော်ဆောင်နေကာ လူမှုသဟဇာတဖြစ်မှုတွေကိုလည်း ဦးစားပေးလုပ်ဆောင်မှုတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013