Home
မြန်မာသတင်း
AA ထိန်းချုပ်မြို့နယ်များက ၁၂ တန်းကျောင်းသားများ စားမေးပွဲမဖြေရသေး
DVB
·
August 24, 2025

AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေက ၂၀၂၄-၂၅ ပညာသင်နှစ်မှာ တက်ရောက်ခဲ့တဲ့ ၁၂ တန်း ကျောင်းသား‌တွေဟာ လက်ရှိအချိန်ထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေကြရသေးဘူးလို့ ဆရာတွေနဲ့ ကျောင်းသား‌တွေဆီက‌နေ သိရပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်က ၁၂ တန်းကျောင်းသား‌တွေဟာ AA ရဲ့ပညာရေးဌာနကစစ်ဆေးတဲ့ နှစ်ဝက်စာ‌‌မေးပွဲကိုပဲ ၂၀၂၄ ခုနှစ် ၈ လပိုင်းတုန်းက ဖြေဆိုခဲ့ကြရပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ အခုထိ မဖြေကြရသေးဘူးလို့ AA ထိန်းချုပ်နယ်မြေတွင်း တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတယောက်ကပြောပါတယ်။

“၂၀၂၄  က ၁၂ တန်းတက်လာတဲ့ကျောင်းသားတွေဟာ ခုထိစာမေးပွဲမစစ်ကြရသေးပါဘူး။  နှစ်ဝက်ကို ၈ လပိုင်း‌ လောက်ကစစ်လိုက်တယ်။ နောက်ပိုင်း ကျောင်းလည်း သေချာမတက်ကြရတော့ဘဲ ကျောင်းသား‌တွေက နောက်ဆုံးစာမေးပွဲစစ်မယ့်ရက်ကိုပဲ‌ မျှော်နေကြရ‌‌တော့တယ်။ ကြားထဲမှာ စာနဲ့အလှမ်းဝေးသွားလိုက် စာမေးပွဲစစ်တော့မယ်ဆို စာပြန်လေ့လာလိုက် အဲလိုဖြစ်နေကြတယ်” လို့ပြောပါတယ်။

စာမေးပွဲ မစစ်ဆေးရသေးတာနဲ့ပတ်သက်ပြီး တစုံတရာသိရှိရတာမရှိသေးဘူးလို့လည်း ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေက ဆိုကြပါတယ်။

ကျောင်းသားတွေအနေနဲ့ကတော့ ‌AA ပညာရေးဌာနကနေစစ်ဆေးမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြန်ဆုံးစစ်ဆေးစေချင်‌နေပြီး စာမေးပွဲရလဒ်မရှိတဲ့အတွက် ခေါ်ယူတဲ့အလုပ်တွေ မလျှောက်နိုင်တာ၊ ရှေ့‌ဆက်မယ့် ပညာရေးလမ်းမှာ နှောင့်နှေးနေတာ စတာတွေဖြစ်နေရတယ်လို့ ‌ဆိုပါတယ်။

၁၂ တန်းကျောင်းသူတယောက်က “စာမေးပွဲကတော့ ဖြစ်‌နိုင်ရင်အမြန်ဆုံးစစ်ဆေးချင်ပါတယ်။ စာမေးပွဲမစစ်ရသေးတော့ အထက်တန်းအောင်တဲ့ အရည်ချင်းမရှိသေးဘူး။ ကိုယ့်ဒေသမှာ AA က သူနာပြုသားဖွားတွေ၊ ကြီးကြပ်တွေနဲ့ တခြားအလုပ်တွေခေါ်ရင်လည်း အထက်တန်းအောင်မှပဲ ခေါ်တာဆိုတော့ အရမ်းအခက်ခဲဖြစ်ရတယ်။ ပြီးတော့ တခြား ဆက်လေ့လာမယ့် အရာတွေအတွက်လည်း ဒီအတန်းတင်စာမေးပွဲကြီးအတွက် နှောင့်နှေးနေရတယ်” လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ AA ရဲ့ ခရိုင်ပညာရေးဌာနက တာဝန်ရှိသူတွေကို မေးမြန်းခဲ့ပေမယ့် ULA/AA ရဲ့ပြန်ကြားရေးတာဝန်ခံကိုပဲမေးဖို့ ပြောဆိုခဲ့ပါတယ်။

AA ရဲ့ ပညာရေးဌာနအနေနဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်တွင်းက တိုက်ပွဲတွေကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မစစ်ဆေးလိုက်ရတဲ့ ထိန်းချုပ်မြို့နယ် ၁၄ မြို့ထဲက ၁၂ တန်းကျောင်းသားတွေကို ၂၀၂၄ ခုနှစ် ဧပြီလထဲမှာ စာစစ်ဌာနအလိုက်ခွဲပြီး စာမေးပွဲစစ်ဆေးပေးခဲ့ပါတယ်။

ဒါပေမဲ့ ‌၂၀၂၄-၂၅ ပညာသင်နှစ်က ကျောင်းသားတွေကတော့ တက္ကသိုလ်ဝင်စာမေးပွဲ မစစ်ဆေးရသေးတဲ့အတွက် အခက်ကြုံနေကြရတယ်လို့ ၁၂ တန်းကျောင်းသားတွေက ဆိုကြပါတယ်။

ရခိုင်က AA ထိန်းချုပ်မြို့နယ်တွေမှာ AA ဦးဆောင်ပြီး အာရက္ခပညာရေး စနစ်တကျ ‌ဖြစ်လာဖို့လုပ်‌‌ဆောင်နေပြီး တက္ကသိုလ်ပညာရေးတရပ်ဖြစ်ထွန်းလာဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ ULA/AA ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013