
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို AA ရဲ့ ကျန်းမာရေးဌာနက ကွင်းဆင်းပြီး သြဂုတ်လ တတိယအပတ်ကနေစလို့ လက်ရှိအချိန်ထိ ကာကွယ်ဆေးထိုးပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာပေါင်း ၁၀၀ ကျော်လောက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မေးခိုင်ကာကွယ်ဆေးနဲ့ ဆုံဆို့နာရောဂါ ကာကွယ်ဆေးတွေ ထိုးပေးနေတာလို့ ဆိုပါတယ်။
မောင်တောဒေသခံတယောက်က “ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေး ထိုးနှံပေးတာက မောင်တောမြောက်ပိုင်းပေါ့နော်၊ ကြိမ်ချောင်းတို့၊ ငခူရတို့၊ အဲဘက် တိုက်နယ်ဆေးရုံတွေ ရှိတဲ့နေရာတွေမှာ ထိုးပေးတာပေါ့နော်။ အာရက္ခတပ်တော်ရဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခုလိုလုပ်ပေးတော့ ဝမ်းသာရတာပေါ့နော်။ အဲဒီလိုပဲ မောင်တောမြို့ပေါ်မှာလည်း ခုလို ကာကွယ်ဆေးထိုးပေးတာတွေ၊ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်တွေက အများကြီး ရှိနေပါသေးတယ်။ ဒါတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အသက် ၅ နှစ်အောက် ကလေးငယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ လိုအပ်တဲ့ ဆေးကုသပေးတာတွေကိုလည်း တပါတည်း လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်ဒေသခံတယောက်ကလည်း “ကျနော်တို့ဒေသတွေမှာတော့ ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်တာတော့ မရှိသေးပါဘူး။ လမ်းခရီး ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ဆေးဝါးအခက်အခဲ ရှိပါတယ်။ AA အနေနဲ့ သွားလာရခက်ခဲတဲ့ ဒေသတွေကိုလည်း အခုလို ဆေးဝါးစောင့်ရှောက်မှုတွေ ပိုလုပ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို ဖြတ်တောက်တဲ့အပြင် ဆေးဝါးသယ်ယူခွင့်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့တားမြစ်ခဲ့တာကြောင့် ဒေသတွင်း ဆေးဝါးပြတ်လပ်မှုတွေနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် မြင့်မားလာနေတာ ဖြစ်ပါတယ်။
ကေခိုင်