
ယူကရိန်းကို တိုက်ရိုက်နဲ့ သွယ်ဝိုက် အထောက်အပံ့တွေ ပံ့ပိုးပေးခြင်းဖြင့် NATO ဟာ ရုရှားကို တိုက်ခိုက်နေတာ ထင်ရှားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
“NATO ဟာ ဒီစစ်ပွဲမှာ အမှန်တကယ် ပါဝင်ပတ်သက်နေတယ်” လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်နဲ့ လစ်သူယေးနီးယား နှစ်နိုင်ငံကြား ဘောလ်တစ်ကမ်းရိုးတန်းဒေသရဲ့ ရုရှားနိုင်ငံက လီနင်ဂရက်ဒေသမှာ အီလက်ထရွန်းနစ်စနစ်နဲ့ လွှတ်တင်တဲ့ အစ္စကန်ဒါ-အမ် ပဲ့ထိန်းဒုံးကျည်စနစ်ကို ပြထားတဲ့ ဗီဒီယိုကို စက်တင်ဘာ ၁၅ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှား-ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “ဇာပဒ် ၂၀၂၅” ရဲ့ တစိတ်တပိုင်း အနေနဲ့ ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ပစ်လွှတ်ယာဉ်တွေဟာ အလားအလာရှိတဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ သတ်မှတ်ထားတဲ့ အနေအထားဆီ ချီတက်နေပုံကို ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြသထားပါတယ်။
ပဲ့ထိန်းဒုံးကျည်ဟာ အကွာအဝေး မိုင် ၃၀၀ အထိ ပစ်လွှတ်နိုင်ပြီး သမားရိုးကျ ထိပ်ဖူးရော နျူကလီးယား ထိပ်ဖူးတွေကိုပါ သယ်ဆောင်နိုင်ပါတယ်။
ဇာပဒ် စစ်ရေးလေ့ကျင့်မှုအတွင်း အသံထက်မြန်တဲ့ ဒုံးကျည်တွေကို တင်ဆောင်ထားတဲ့ Tu-22M3 ဗုံးကြဲလေယာဉ်တွေဟာ ဘားရန့်ပင်လယ်အတွင်း ကြားနေရေပြင်မှာ ကင်းလှည့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဗုံးကြဲလေယာဉ်တွေဟာ ၄ နာရီကြာ ပျံသန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
လေ့ကျင့်ရေးအကွာအဝေးက ရန်သူပစ်မှတ်တွေကို တိုက်ခိုက်ချိန်မှာ Tu-22M3 ဗုံးကြဲလေယာဉ်တွေကို အစောင့်အကြပ်ကာကွယ်ဖို့ MIG-31BM ဂျက်တိုက်လေယာဉ်တွေက ဝေဟင်မှာ မွှေနှောက်ရှာဖွေခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Tu-142 ရေငုပ်သင်္ဘောနဲ့ Il-38 ကင်းထောက်လေယာဉ်တွေ အပါအဝင် ရုရှားမြောက်ပိုင်းရေတပ်ရဲ့ ရေကြောင်း လေကြောင်း ပျံသန်းမှုဟာ ဘားရန့် ပင်လယ်အတွင်း ရန်သူရဲ့ နျူကလီးယား ရေငုပ်သင်္ဘောကို ခြေရာခံခြင်းနဲ့ ထောက်လှမ်းခြင်းဆိုင်ရာ လေ့ကျင့်ရေးမစ်ရှင်ကို လုပ်ဆောင်ခဲ့ပါတယ်။
ရေငုပ်သင်္ဘောကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် KA-27M ရဟတ်ယာဉ်က ပစ်မှတ်ပေါ်ကို လေ့ကျင့်ရေးဗုံးတွေ ကြဲချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters