
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း အစင်း ၃၄၀ ကို ပစ်ချခဲ့တယ်လို့ ရုရှားက စနေနေ့မှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းရဲ့ ထုတ်ပြန်ချက်မှာလည်း ရုရှားရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ ဟိုင်းမားစ်ဒုံးကျည် ၃ စင်းကို ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံရဲ့ ဒရုန်းစက်ရုံတွေ၊ နိုင်ငံခြားတပ်ဖွဲ့အခြေစိုက်စခန်းတွေနဲ့ ထိန်းချုပ်ရေးစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီနီပရိုပီထရော့ဒေသမှာရှိတဲ့ နိုဗိုနီကိုလာယက်ကာကိုလည်း ရုရှားတပ်တွေက ထိန်းချုပ်ထားနိုင်တယ်လို့လည်း ပြောပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းတပ်ဖွဲ့တွေက ကူပီယန့်နဲ့ အနီးဝိုက်ဒေသတွေကို ထိန်းချုပ်ထားတယ်လို့ ဆိုရှယ်မီဒီယာမှာ အခိုင်အမာပြောဆိုထားပါတယ်။
အဲဒီပြောဆိုချက်မှာ ရုရှားတပ်ဖွဲ့တွေအသုံးပြုတဲ့ ပိုက်လိုင်းထွက်ပေါက်နေရာတွေကို ယူကရိန်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ ပါဝင်ပြီး ဒီနီပရိုပီထရော့ဒေသမှာရှိတဲ့ ရွာတရွာကိုလည်း ယူကရိန်းတို့က ပြန်လည်ရယူထားတယ်လို့ ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူတယောက်က အတည်ပြုပါတယ်။
ယူကရိန်း ဒရုန်းတွေဟာ ရုရှားရေနံချက်စက်ရုံတရုံကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က စနေနေ့မှာ ပြောထားပါသေးတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပစ်မှတ်ကိုထိမှန်ခဲ့ပြီး ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေ ဖြစ်ပွားခဲ့သလို ရေနံထုတ်လုပ်ရာမှာအသုံးပြုတဲ့ စက်ပစ္စည်းတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ရေနံချက်စက်ရုံကို ဒရုန်း ၂ စင်းထိမှန်ခဲ့ပြီး မီးလောင်ခဲ့ပေမဲ့ လူသေဆုံးတာမျိုး မရှိဘူးလို့ ရုရှားဘက်က ထုတ်ပြန်ထားသလို အဲဒီတိုက်ခိုက်မှုဟာ ရေနံချက်လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Source: Reuters