Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်က စစ်မျက်နှာ ၅ ခုအထိဖွင့်ပြီး တိုက်ခိုက်နေ
DVB
·
September 12, 2025

မန္တလေးတိုင်း၊ မတ္တရာနယ်မှာ စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ ခုအထိ ဖွင့်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ ဆက်တိုက်သုံးတိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစပြီး မတ္တရာနယ်မှာ စစ်ကောင်စီတပ်က နည်းလမ်းစုံနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

ဖယောင်းတောင်ရွှေလုပ်ကွက်နဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတို့ကို ပြန်သိမ်းပြီးတဲ့နောက်မှာ မတ္တရာနဲ့ သပိတ်ကျင်းနယ်ကြားက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ထိုးစစ်ဆင်မယ်လို့ ဩဂုတ် ၂၉ ရက်မှာ စစ်ကောင်စီက ကြေညာပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

မတ္တရာမြို့နယ်အရှေ့ခြမ်း ရွာကြီးကုန်း၊ ငါးလုံးပြွန်၊ ကင်းရွာနဲ့ ညောင်ပင်သာတို့မှာ  တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး သပိတ်ကျင်းမြို့နယ်က မန္တလေး-မိုးကုတ် လမ်းပိုင်းမှာလည်း ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ္တရာ-PDF မှ ဦးတိုးက “ကျောက်တံတား-လမိုင်းဘက်ကနေ မျက်နှာစာတခု၊ နောက်တခါ မြကန်သာ-သရက်ကိုင်း-ထန်းပင်ကုန်းဘက်ကနေ တောင်ကန်ဘက်ကို မျက်နှာစာတခု၊ နောက်တခါ အယ်လ်ဖာဘက်ကနေ ထောက်ထားတယ်ပေါ့၊ နောက်တခါ မြောက်စိုးမိုးပေါက် ခေါ် လက်ကောင်းလေးပေါက်ကနေပြီးတော့ ဒရုန်းလွှတ်တာရှိတယ်၊ လက်နက်ကြီးပစ်တာရှိတယ်၊ ရေနံသာတို့ ကျောက်စရစ်ဆိုတာ တံငါ(တောင်-မြောက်) ပေါ့၊ တိုက်ခိုက်မှုရှိတယ်၊ မျက်နှာစာ ၅ ခု ဖြစ်သွားမှာပေါ့။ ပန်းယကနေ ကင်းထောက်ဒရုန်း လွှတ်တာရှိတယ်။ ကင်းထောက်ဒရုန်း လွှတ်ပြီးတော့ လေယာဉ်ပစ်မှတ်ပေးပုံရတယ်။ လေယာဉ်က ကျောက်စရစ်(တောင်-မြောက်) ကျောက်စရစ်ရွာတွေဘက်နဲ့ ရေနံသာဘက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်တာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာမှာပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး-စစ်ကိုင်း-မကွေး ဒေသတခုလုံးကို ဗျူဟာတကျ ပြန်ထိန်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကိုလည်း ဖိအားပေးတိုက်ခိုက်နေပြီး မြစ်ကြောင်း ရေလမ်းခရီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “လမ်းပိုင်းတွေပေါ့၊ စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနားလမ်းတို့၊ မုံရွာ-အရာတော်လမ်းတို့၊ ကန့်ဘလူ-ရေဦးလမ်းတို့၊ နောက် ဂန့်ဂေါ-ပုလဲလမ်းတို့ပေါ့၊​ အဓိကကတော့ လမ်းပိုင်းတွေကို စိုးမိုးမှုရအောင် ပြန်ပြီးတော့ ကြိုးစားနေတဲ့ သဘောမျိုးတော့ တွေ့ရတာပေါ့။ စစ်ရေးအခြေအနေတွေအရကတော့ စစ်ကိုင်းအောက်ပိုင်းတွေမှာတော့ လမ်းပိုင်းတွေကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အသည်းအသန် ပြန်ပြီး ကြိုးစားအားထုတ်နေတဲ့သဘော တွေ့ရပါတယ်။ လမ်းတွေကို ထိန်းချုပ်နိုင်တယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေ သွားလာလှုပ်ရှားတဲ့ခွင်တွေ ကျုံ့သွားမယ်၊ သယ်ယူပို့ဆောင်ရေး ထောက်ပို့လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ကုန်မယ်၊ ဒါဆိုရင် တော်လှန်ရေးအင်အားစုတွေ အားနည်းလာမယ်လေ။ အားနည်းလာတဲ့အချိန်ကျမှ နယ်မြေထိုးစစ်ဆင်တာမျိုး ထပ်ပြီးလုပ်လို့ရတာပေါ့။ လမ်းတွေကတော့ ပိုပြီးတော့ အရေးကြီးတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာနယ်က အယ်လ်ဖာ ဘိလပ်မြေစက်ရုံတပ်စခန်း၊ တောင်တံငါ တပ်စခန်းတို့ အပါအဝင် စစ်ကောင်စီအခြေစိုက်စခန်း ၂၈ ခုကို သိမ်းယူခဲ့တယ်လို့ မန္တလေး PDF က ၂၀၂၄ ဇူလိုင်လမှာ သတင်းထုတ်ပြန်ခဲ့ပြီး အချိန်တနှစ်ကျော်အကြာမှာ စခန်းတချို့ကို ပြန်လက်လွှတ်ရတာ ဖြစ်ပါတယ်။

လတ်တလောမှာ မတ္တရာနယ်အရှေ့ခြမ်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013