
မိုးကုတ်မြို့အနီး ရတနာသိင်္ဂီသတ္တုတွင်းနဲ့ ပုသိမ်ကြီးနယ် ဖယောင်းတောင်ရွှေလုပ်ကွက်တို့ကို စစ်တပ်က သိမ်းယူပြီးနောက် မတ္တရာနယ်မှာ အင်အားတိုးချပြီး ဘန်ကာတွေ တိုးဆောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဩဂုတ် တတိယအပတ်ထဲမှာ ရှမ်း-မန်းနယ်စပ် နောင်ချို-ကျောက်မဲ-မိုးကုတ်-မတ္တရာနယ်စပ်မှာ စစ်ကောင်စီက အင်အားသုံးပြီး စခန်းတွေပြန်သိမ်းနေတာပါ။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်လမ်းရှိ ရတနာသိင်္ဂီ သတ္တုတွင်းနယ်မြေနဲ့ မတ္တရာ-ပုသိမ်ကြီးမြို့နယ်အစပ်က ဖယောင်းတောင် ရွှေလုပ်ကွက်တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံသားပိုင် အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ PDF တွေ သိမ်းထားတဲ့ စခန်းတွေကိုလည်း ပြန်သိမ်းနိုင်ပြီလို့ စစ်ကောင်စီလက်ဝေခံ မီဒီယာတွေက သတင်းတွေထုတ်ပြန်နေပေမဲ့ အသေးစိတ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက အတည်မပြုသေးပါဘူး။
စစ်ကောင်စီက ပြန်သိမ်းလိုက်တဲ့ နေရာတွေနဲ့ စခန်းတွေကို ထိန်းနိုင်ဖို့ ဘန်ကာတွေ အလျင်အမြန် တည်ဆောက်နေပြီး PDF တွေနဲ့ ပြည်သူတွေ အနားမကပ်နိုင်အောင် လက်နက်ကြီးတွေနဲ့ လှည့်ပတ် ပစ်ခတ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “ကျနော့်အမြင်ကတော့ မိုးကုတ်က သိပ်စိုးရိမ်စရာမရှိဘူး။ ဟိုကောင်တွေ ရတနာသိင်္ဂီရသွားပြီ။ ရတနာသိင်္ဂီရသွားပြီဖြစ်တဲ့အတွက် ဒီကောင်တွေ စစ်က တန့်ဦးမှာ။ ဇွတ်ကြီးတော့ မလုံးနိုင်ဘူး၊ အဲ့လိုမျိုးတော့ သုံးသပ်တာပေါ့ဗျာ။ အခုရန်သူ စကစက ဘယ်လိုလုပ်နေတုန်းဆိုတော့ လူအင်အားတော့ သူဖြည့်ထားတာရှိတယ်၊ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ပေါ့။ ၁၈-၁၉ တုန်းက ပုသိမ်ကြီးမြို့နယ် အရှေ့ပိုင်းမှာ ရေတံခွန်တောင်တို့ ဘာတို့ ရှိတယ်လေ၊ အဲဒီတောင်ခြေ တောလမ်းတွေအတိုင်းကို ဒီကောင်တွေ ခြေကြောင်းထိုးလာတာရှိတယ်။ ခြေကြောင်းထိုးပြီးတော့ ပုသိမ်ကြီးမြို့နယ်မြောက်ခြမ်း သက်ကယ်ကျင်း ဝင်ကပ်ပြီးတော့ သူတို့သုံးသွားတာက လက်နက်ကြီး တွင်တွင်ကျယ်ကျယ်သုံးတယ်၊ Sucide ဒရုန်းသုံးတယ်၊ အဲဒီလိုတွေသုံးပြီးတော့ မြေပြင်ကနေတဆင့်ချင်း ချဉ်းကပ်တဲ့အခါမှာ ကိုယ့်ဘက်က ဟ ပေးလိုက်တယ်။ အဲဒီမှာ သူတို့ ရွှေမြင့်လို့ခေါ်တဲ့ ဖယောင်းတောင်မှာ ဝင်ထိုင်တာ။ အဲဒီသတင်းကတော့ Confirm လို့ပဲ ပြောရမှာပေ့ါနော်။ ကျောက်တံတားဘက်မှာဆိုရင် သူတို့က သဲအိတ်တွေကို ကျည်လွတ်မြေမှာ ပြင်ဆင်တယ်။ ပြီးတဲ့အခါကြတော့ ပုစဉ်းခေါင်းတို့ မြေသယ် Faw ကားတို့ပေါ့ဗျာ၊ အဲဒီလိုမျိုး လက်နက်ကြီးပစ်ကူယူတယ်၊ ဒရုန်းပစ်ကူယူတယ်၊ ဘန်ကာတွေ အတင်းဝင်ဆောက်တာပေါ့။ ကျေးရွာတော်တော်များများက တိုက်ပွဲဖြစ်လို့ မဟုတ်ဘဲနဲ့ စကစရဲ့ လက်နက်ကြီးဒဏ်၊ ဒရုန်းဒဏ်တွေကြောင့်မို့လို့ ထိတ်လန့်တကြား ရွှေ့ပြောင်းနေတာတွေ ရှိတယ်ပေါ့နော်။ စစ်ရေးက စစ်ရေးဗျူဟာအတိုင်း သွားနေပါတယ်လို့၊ တအားကြီးလည်း အစိုးရိမ်မလွန်စေချင်ပါဘူးလို့၊ စစ်ရေးသတိရှိတာတော့ ရှိဖို့လိုတယ်၊ အဲဒီလိုလေးတော့ ကျနော် ပြောချင်ပါတယ်” လို့ ပြောပါတယ်။
သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ခြိမ်းခြောက်ပြီး အခြေအနေကို ထိန်းထားတာပါ။
မန္တလေး-မကွေးနယ်စပ်၊ မန္တလေး-စစ်ကိုင်းနယ်စပ်နဲ့ ရှမ်း-မန္တလေးနယ်စပ်ဒေသတွေကို နည်းလမ်းစုံသုံးပြီး ဗျူဟာတကျ ဖိအားပေး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ အဖွဲ့မှ ဗိုလ်ဇီးရိုးက “နေရာစုံလိုပါပဲ စစ်ကိုင်းတိုင်းဘက်မှာရော၊ မန္တလေးတိုင်းထဲမှာလည်း နေရာတော်တော်များများ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နေရာတွေကို မြေပြင်ရော ဝေဟင်ရော အင်အားသုံးပြီးတော့ စစ်ကြောင်းထိုးနေတာတွေကတော့ နေရာအနှံ့လိုပါပဲ။ ကျနော်တို့ မြင်းခြံမှာလည်း ဩဂုတ်လဆန်းပိုင်းကတည်းက စပြီးတော့ အင်မတန်များတဲ့ အင်အားတွေနဲ့ မြေပြင်က လက်နက်ကြီးပစ်ကူတွေနဲ့ တောက်လျှောက် စစ်ကြောင်းတွေ ထိုးနေတာတွေလည်း ရှိနေပါတယ်ဗျ။ တော်လှန်ရေးကြာလာတာနဲ့အမျှ အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာအတွက်ကတော့ လိုအပ်တာ အထူးအထွေ တင်ပြဖို့လိုမယ် မထင်တော့ပါဘူး။ အဓိက ကျနော်ပြောချင်တာ တော်လှန်ရေးအဖွဲ့တွေမှာ အဓိကလိုအပ်တဲ့ အချက်က စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကျနော်က ပြောချင်ပါတယ်။ တော်လှန်ရေးအပေါ်မှာ သန္ဓေဖောက်ပြားပြီးတော့ ငွေကြေးနဲ့ အာဏာ လက်နက် နောက်ကို ပါသွားတာမျိုးတွေ၊ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ ခုရက်ပိုင်းတွေမှာဆိုရင် တော်တော်များများ ဘက်ပြောင်းသွားတာမျိုးလေးတွေ၊ စစ်ကောင်စီဘက် ပြန်ဝင်သွားတာမျိုးလေးတွေ ကျနော်တို့ ကြားသိနေရတာတွေ ရှိတယ်။ တော်လှန်ရေးအောင်မြင်တဲ့အထိ ပြီးဆုံးအောင်သွားနိုင်တဲ့ စိတ်ဓာတ်မျိုး မွေးဖို့ပေါ့၊ ဒါမျိုးပဲ ကျနော် အဓိက ပြောချင်ပါတယ်” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မဟာမိတ်တွေကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက် UWSA ‘ဝ’ တပ်ဖွဲ့ကို တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ဩဂုတ် ၂၀ ရက်မှာ အတည်ပြုပြောပါတယ်။
နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖိအားပေးခံရတာဖြစ်ပြီး တရုတ်ငွေယွမ်ဘီလီယံများစွာ ‘ဝ’ တပ်ဖွဲ့က ဆုံးရှုံးခဲ့တာကြောင့် TNLA၊ MNDAA နဲ့ SSPP တို့ကို ဆက်လက်ထောက်ပံ့တော့မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဒီအခြေအနေနဲ့ တပြိုင်တည်းမှာ စစ်ကောင်စီတပ်က မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ထဲက သူတို့လက်လွှတ်ထားရတဲ့ မြို့တွေနဲ့ စခန်းတွေကို ဆက်တိုက်ပြန်သိမ်းနေတာဖြစ်ပါတယ်။
သုတချမ်းသာ