
Database Software ကုမ္ပဏီ Oracle ရဲ့ ရှယ်ယာစျေးတွေ ခဏတာ ထိုးတက်သွားခဲ့တာကြောင့် ပူးတွဲထူထောင်သူ လာရီအယ်လီဆင်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နေရာကို အီလွန်မတ်စ်ခ် ဆီကနေ ယာယီလွှဲယူနိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၀ ရက် မနက်ခင်းမှာ အယ်လီဆန်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၃၉၃ ဘီလီယံအထိ ဝုန်းကနဲ ထိုးတက်သွားခဲ့ပြီး မတ်စ်ခ်ရဲ့ ကြွယ်ဝမှု ဒေါ်လာ ၃၈၅ ဘီလီယံကို ကျော်သွားခဲ့တာလို့ ဘလွန်းဘာ့ဂျ် ဘီလျံနာအညွှန်းကိန်းက ထုတ်ပြန်ပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အယ်လီဆင်ဟာ ၁၉၇၇ က Oracle ကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ပြီး ၂၀၁၄ အထိ စီအီးအိုတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ နည်းပညာအရာရှိချုပ်တာဝန် ဆက်ယူထားပါတယ်။ သူဟာ သမ္မတ ထရမ့်ပ်ရဲ့ မဟာမိတ်အဖြစ် ရပ်တည်သူလည်း ဖြစ်ပါတယ်။
Cloud Infrastructure လုပ်ငန်းနဲ့ အသိဉာဏ်တု (AI) ဆိုင်ရာ သဘောတူညီချက်တွေ ယူထားနိုင်တာကြောင့် Oracle ကုမ္ပဏီရဲ့ အလားအလာ အရမ်းကောင်းတယ်လို့ တွက်ချက်ဖော်ပြခဲ့အပြီးမှာ ကုမ္ပဏီရှယ်ယာစျေးတွေဟာ ၄၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကုမ္ပဏီရှယ်ယာ အများအပြား ပိုင်ဆိုင်ထားတဲ့ အယ်လီဆင်ရဲ့ ကြွယ်ဝမှုဟာ နေ့ချင်းညချင်း ဘီလီယံ ၁၀၀ ကျော် တိုးသွားခဲ့တာပါ။
ဒါပေမဲ့ တနေ့တာကုန်ဆုံးချိန်မှာတော့ Oracle ကုမ္ပဏီ ရှယ်ယာစျေးဟာ အတက်ဘက်မှာ ဆက်ရှိပေမဲ့ မနက်ခင်းက ထိုးတက်သွားရာကနေ ပြန်ကျသွားတဲ့အတွက် အယ်လီဆင်လည်း နံပါတ်တစ်နေရာကို မတ်စ်ခ်ကို ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။
ChatGPT ထုတ်တဲ့ OpenAI ကုမ္ပဏီက Oracle ကနေ ၅ နှစ်စာ computing power ဝယ်ယူဖို့ ဒေါ်လာ ၃၀၀ ဘီလီယံ တန်ကြေးရှိတဲ့ စာချုပ်ချုပ်တယ်ဆိုတဲ့ သတင်းကြောင့် ရှယ်ယာစျေး ထိုးတက်ခဲ့တာလည်း ဖြစ်ပါတယ်။
Oracle ကုမ္ပဏီရဲ့ Data Center တွေကို AI ကုမ္ပဏီတွေက မှီခိုရမှု များလာတာနဲ့အတူ ကုမ္ပဏီတန်ဖိုး မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။
Source:Reuters




