
မန္တလေးမြို့ဂုဏ်ဆောင် ညစ်ညမ်းဟာသပျက်လုံး မသုံးဘဲ ပရိသတ်တွေကို ရယ်ရွှင်စေခဲ့သူ သက်ကြီး ဂန္ထဝင် လူရွှင်တော်ကြီး ဦးထင်ပေါ်ဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လူရွှင်တော်ကြီး ဦးထင်ပေါ်ဟာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ပြင်ဦးလွင်မြို့၊ မိုးကြိုးပစ်ကွက်သစ် သူ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။
ဦးထင်ပေါ်နဲ့ နီးစပ်သူတယောက်က “ဦးထင်ပေါ်က ဟာသလောကမှာ သူမတူ ထူးခြားတဲ့ ပါရမီရှင် အနုပညာရှင်ပါ။ စိတ်မကောင်းဘူး။ နာမည်ကျော် ပျက်လုံးတွေကို လုံးဝမညစ်ညမ်းအောင် ပျက်တတ်တဲ့ အနုပညာရှင်ပါ။ အသံပါရမီအားလည်း အရမ်းကောင်းတယ်။ ကြီးမားတဲ့ ဆုံးရှုံးရခြင်းပါပဲ” ပြောပါတယ်။
လူရွှင်တော်ကြီး ဦးထင်ပေါ်ဟာ အသံပါရမီကောင်းကောင်းနဲ့ ခွန်းထောက်၊ တေးထပ်၊ ရတု၊ မြန်မာသံသီချင်းတို့ကို လွန်စွာပိုင်နိုင်လှပြီး ပျက်လုံးမထပ်စေဘဲ မညစ်ညမ်းစေဘဲ ပရိသတ်ကို တဟားဟားရယ်ရအောင် တင်ဆက်နိုင်တဲ့ ဂန္ထဝင်လူရွှင်တော်ကြီးတယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဟာသပညာရှင်တယောက်က “နှာမျောတယ်ဆိုတာထက် ပိုပါတယ်။ ဆရာကြီး ဦးထင်ပေါ်က လူရွှင်တော်ကြီး ဦးချစ်စရာ(မန္တလေး)နဲ့ အတွဲညီညီ အငြိမ့်ပေါင်းများစွာ ဖျော်ဖြေခဲ့သူတယောက်ပါ။ သူတို့ ၂ ယောက် တွေ့တာနဲ့ အလိုလိုရယ်နေရတာ” လို့ ပြောပါတယ်။
ဦးထင်ပေါ်ဟာ မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ဇာတိဖြစ်ပြီး မန္တလေး အငြိမ့်သဘင်ရွှေခေတ် အောင်မြေအေး၊ ရတနာပုံ၊ သစ်လွင်၊ နန်းမြို့တော်၊ မြတရာ၊ ရွှေရတနာ စတဲ့ နာမည်ကြီး အငြိမ့်တွေနဲ့အတူ ဖျော်ဖြေခဲ့ပြီး လက်ရှိအချိန်ထိ အောင်မြင်တဲ့ လူရွှင်တော်ကြီးတယောက် ဖြစ်သလို ထင်ပေါ်၊ ချစ်စရာ၊ ဒီပါ အတွဲအဖြစ် လူသိများခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဂန္ထဝင် လူရွှင်တော်ကြီး ဦးထင်ပေါ်ရဲ့ နာရေး ဈာပနကို စက်တင်ဘာ ၁၀ ရက် ဒီနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
လူရွှင်တော်ကြီး ဦးထင်ပေါ် ကွယ်လွန်သွားရတဲ့အပေါ် ကျန်ရစ်သူမိသားစုနဲ့ အတူတကွ မိတ်ဆွေတွေ၊ ဟာသနဲ့ အငြိမ့်လောကသားတွေအပြင် ပရိသတ်တွေနဲ့ ထပ်တူဝမ်းနည်းနေရတယ်လို့ သိရပါတယ်။