Home
သတင်းဓာတ်ပုံ
စစ်အာဏာရှင် နှိပ်စက်မှုကြောင့် ကြွေလွင့်ခဲ့ရသည့် သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်၏ နောက်ဆုံးခရီး (ဓာတ်ပုံ) 
DVB
·
July 22, 2025
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

စစ်အာဏာသိမ်းတာကို ဆန့်ကျင်လို့ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ အင်းစိန်ထောင်မှာ ဇူလိုင် ၂၀ ရက် မနက်က သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် (အသက် ၂၆ နှစ်အရွယ်) ရဲ့ နာရေးကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇူလိုင် ၂၂ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

မဝတ်ရည်အောင်ကို စစ်ကောင်စီက ၂၀၂၁ စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၄ နှစ် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သလို ဖမ်းဆီးချိန်မှာလည်း စစ်ကြောရေးမှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကြောင့် ဒဏ်ရာတွေ ရခဲ့ပါတယ်။

ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ အင်းစိန်ထောင်ကနေ  ဒိုက်ဦး အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး အောက်တိုဘာလကုန်ပိုင်းမှာ အင်းစိန်ထောင်ကို ပြန်ပြောင်းရွှေ့ခံခဲ့ရတာပါ။

မဝတ်ရည်အောင်ဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့်  ဦးနှောက်မှာ အကျိတ်တည်သွားခဲ့ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ဒဏ်ရာ ပိုဆိုးဝါး  လာခဲ့ပါတယ်။  အဲဒီနောက် ရန်ကုန် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပေမဲ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ 

မဝတ်ရည်အောင်ကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၂၇ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ငယ်နာမည်က မီးမီး၊ အပြုံးဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ဒဂုံတက္ကသိုလ်မှာ သတ္တဗေဒဘာသာရပ် အထူးပြုနဲ့ ပညာသင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်က Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်းအရုံးကို ဝင်ရောက်ခဲ့ပါတယ်။

မဝတ်ရည်အောင်ဟာ ဒဂုံတက္ကသိုလ် Cheer leaders အဖွဲ့မှာလည်း ပါဝင်ခဲ့သလို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်းသားများအစည်းအရုံး ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။

သူ့ရဲ့ လက်စွဲဆောင်ပုဒ်ကတော့ ခမ်းနားလှပတဲ့ တက္ကသိုလ်ဝန်းကျင်တခု တည်ဆောက်ဖို့ ဆိုတဲ့ အိပ်မက်တွေ ရှိခဲ့သူလည်း ဖြစ်ပါတယ်။

“တက္ကသိုလ်ကို တက္ကသိုလ်နဲ့ တူစေချင်ခဲ့သူတယောက်မှာ ဘာအပြစ်တွေရှိခဲ့သလဲ။ တက္ကသိုလ်ဝင်းထဲ ခုံတန်းလှလှလေးတွေ ဖန်တီးပေးချင်ခဲ့သူတယောက်ဟာ ဘာအပြစ်တွေ ကြီးခဲ့သလဲ။ ပြည်သူတွေကို လွတ်လပ်စေချင်ခဲ့တဲ့ နုနုနယ်နယ် တက္ကသိုလ်ကျောင်းသူလေးတဦးမှာ ဘာအပြစ်တွေရှိခဲ့လို့လဲ၊ အိုး.....စစ်မိစ္ဆာကောင်တွေရဲ့ ရက်စက်လိုက်ပုံများ” လို့ မဝတ်ရည်အောင်ရဲ့ နာရေးအမှတ်တရအဖြစ် ကျောင်းသားတဦးက ကဗျာတပိုဒ်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013