Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၇၅ ဦး ဖမ်းဆီးခံရ 
DVB
·
September 9, 2025

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်၊ ကန်ကျနပူရီမြို့နယ်ထဲမှာ စက်တင်ဘာ ၈ ရက်က မြန်မာ ရွှေ့ပြောင်းလုပ်သား အယောက်  ၂၀၀ လောက် တရားမဝင် ဝင်ရောက်လာပြီး အဲဒီထဲက ၇၅ ယောက်ကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရဲတပ်ဖွဲ့ရုပ်သံသတင်းမှာ  ဖော်ပြပါတယ်။

မနေ့ မွန်းလွဲပိုင်းက  ကုန်တင်ကားကြီးတစီးဟာ ကန်ကျနပူရီ - ဘော်ဖလွဲ လမ်းမကြီးအတိုင်းမောင်းနှင်လာပြီး ကယိုင်ဆင့်အုပ်စု နောင်ဆောင်တွန့်ရွာနားရောက်တော့ ကားပေါ် ကလူတွေကိုလာချသွားတယ်၊ အဲဒီလူတွေဟာ လမ်းဘေးက ယာခင်းနဲ့ တောထဲ ဝင်ရောက်သွားတယ်၊ မကြာခင်မှာ ဟိုင်းလပ်စ်ကား ၃ စီး  မရှေးမနှောင်း ရောက်လာကြတယ်၊ အဲဒီခါမှာ တောထဲကလူတွေ ပြန်ပြေးထွက်လာပြီး ကားပေါ်အလုအယက် ခုန်တက်ကြတယ်၊ အဆိုပါဖြစ်ရပ်ဟာ သံသယဖြစ်ဖွယ်ရှိတာကြောင့် ထိုင်းရွာသားတွေဟာ  ဗွီဒီယိုရိုက်ထားပြီး ကားနံပါတ်တွေနဲ့အတူ တာဝန်ရှိသူတွေကို တိုင်ကြားလိုက်တယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါကား ၃ စီး ထွက်သွားရာလမ်းကြောင်းနောက် လိုက်လံကြည့်ရှုပြီး ရှေ့က စစ်ဆေးရေးဂိတ်တွေကို လှမ်းပြီးအကြောင်းကြားလိုက်တယ်။ တဘက်ကလည်း စစ်တပ်၊ ရဲ၊ လဝကရဲ၊ ရပ်ကျေးလုံခြုံရေးနဲ့ ရွာသူကြီးတွေပါတဲ့ အဖွဲ့ဟာ အဆိုပါယာခင်းနား သွားရောက် စစ်ဆေးခဲ့ကြပါတယ်။

တာဝန်ရှိသူတွေကို မြင်တော့ တချို့က အနီးကတောထဲထွက်ပြေးတယ်၊ တချို့က အဖမ်းခံတယ်၊ အဖမ်းခံတဲ့ထဲမှာ အမျိုးသား ၅၂ ယောက် အမျိုးသမီး ၂၃ ယောက် စုစုပေါင်း ၇၅ ယောက်ရှိပြီး အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းလူငယ်တွေ အများစုပါတယ်လို့  ဆိုပါတယ်။ 

သူတို့မှာ အထောက်အထားလက်မှတ်မရှိ၊ ထိုင်းစကားလည်းနားမလည်တာကြောင့် ဘာသာပြန်ခေါ်ပြီး စစ်ဆေးမေးမြန်းရတယ်၊ ဘာသာပြန်ပြောပြချက်အရ သူတို့တွေဟာ ပွဲစား အဆက်အသွယ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့တကွ အတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့  ဖြစ်တယ်၊ ပွဲစားကို တယောက် ဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးရတယ်၊ မြန်မာဘက်ခြမ်း ဘုရားသုံးဆူကနေ ထိုင်းဘက်ခြမ်း ဆန်ခလပူရီထိ တောထဲကနေ လမ်းလျှောက်ဝင်လာခဲ့တယ်၊ အဲဒီကတဆင့် လှေစီးရသေးတယ်၊ ပြီးတော့ ကားကြီးနဲ့ လာကြိုကာ အဲဒီမှာ လာချထားတယ်၊ နောက် တသုတ်လာကြိုတာကို စောင့်ဆိုင်းနေရင်းက ခုလိုဖမ်း ဆီးခံရတာလို့  ပြောပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကား ၁၅ စီးနဲ့ ရဲစခန်းကို ခေါ်ဆောင်လာခဲ့တယ်၊ ဒီမတိုင်ခင်ရှေ့က ကား ၃ စီးကတော့ စစ်ဆေးရေးဂိတ်နားဖြတ်သန်းသွားချိန် မိုးတွေအရမ်းရွာနေတာကြောင့် စစ်ဆေးလို့ မရဘဲ လွတ်သွားတယ်၊ ကားနံပါတ်ပြားနဲ့ ယာဉ်ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းရှာဖွေ အရေးယူသွားမယ်လို့   တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source: POLICE TV News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013