Home
နိုင်ငံတကာ
ထရမ့်ပ်စာ ပါသည်ဆိုသော သက်ငယ်လိင်အရှုပ်တော်ပုံ အက်ပ်စတိန်းမှတ်တမ်းစာအုပ် ထုတ်ပြန်
DVB
·
September 9, 2025
Photo: Democrats on the House Oversight Committee/Handout via REUTERS

သက်ငယ်လိင်အရှုပ်တော်ပုံတွေကြောင့် ထင်ရှားသူ ဂျက်ဖရီ အက်ပ်စတိန်းရဲ့ ၂၀၀၃ ခုနှစ်က အသက် ၅၀ ပြည့် မွေးနေ့အမှတ်တရ မှတ်တမ်းစာအုပ်ကို  အမေရိကန်လွှတ်တော်ကော်မတီတရပ်က ထုတ်ပြန်လိုက်ပါတယ်။  

ဒီစာအုပ်နဲ့အတူ သူ့ရဲ့သေတမ်းစာ၊ နိုင်ငံတကာက ဩဇာရှိသူတွေရဲ့ လိပ်စာတွေပါတဲ့ မှတ်တမ်းစာအုပ်တွေကိုပါ တပါတည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

စာမျက်နှာ ၂၃၈ မျက်နှာပါတဲ့ ဒီစာအုပ်ထဲမှာ မိတ်ဆွေတွေရဲ့ သဝဏ်လွှာတွေပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်မှတ်ထိုးထားတယ်လို့ဆိုတဲ့ စာတစောင်လည်း ပါဝင်ပါတယ်။ 

အိမ်ဖြူတော်ဘက်ကတော့ ဒီစာကို ထရမ့်ပ် မရေးခဲ့သလို လက်မှတ်မထိုးခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ 

မိန်းကလေး ခန္ဓာကိုယ်ကောက်ကြောင်းပုံ ဘောင်ထဲမှာ ရေးထားတဲ့ စာထဲမှာ  “ပဟေဠိတွေ (enigmas) ဆိုတာ ဘယ်တော့မှ အိုမင်းမသွားဘူး” ဆိုတဲ့ စာသားပါဝင်ပါတယ်။  enigmas  ဆိုတာဟာ စကားလိမ်(anagram) ဖြစ်ပြီး စကားလုံးတွေ ပြန်စီလိုက်ရင်  မြီးကောင်ပေါက်မလေးတွေ၊ ယောက်ျားလေးဆန်ဆန် မိန်းကလေးတွေလို့ အဓိပ္ပာယ်ရတဲ့ gamines (ဂါမင်းန်စ်) ဆိုတဲ့ စကားလုံး ဖြစ်လာတယ်လို့ပါ ကောက်ချက်ချမှုတွေရှိပါတယ်။ ဒီယူဆချက် မှန်၊ မမှန်ဆိုတာတော့ မသေချာပါဘူး။ 

အဆက်အသွယ်ကောင်းတဲ့ ဘဏ္ဍာရေးလုပ်ငန်းရှင်၊ သက်ငယ်လိင်အရှုပ်တော်ပုံတွေ ကိုယ်တိုင်ကျူးလွန်၊ စီစဉ်ပေးသူ အက်ပ်စတိန်းဟာ လိင်ကုန်ကူးမှုအတွက် တရားခွင်ကို စောင့်ဆိုင်းနေရင်း ၂၀၁၉ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ ဖြစ်ပါတယ်။  

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဗြိတိန်သံအမတ် လော့ဒ် ပီတာမန်ဒယ်လ်ဆင်တို့ ရေးသားထားတယ်လို့ ယူဆရတဲ့  စာတွေလည်း ပါဝင်ပါတယ်။ 

ဒါပေမဲ့ ဒီလို အက်ပ်စတိန်းကို မွေးနေ့ဆုတောင်းပေးရုံနဲ့ လိင်အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲဖို့အကြောင်း မခိုင်လုံပါဘူး။ 

တခြားရေးသားချက်တွေထဲမှာတော့ အက်ပ်စတိန်း ကျေးဇူးကြောင့် ဗြိတိန် တော်ဝင်မင်းသား အင်ဒရူးလို ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ရပြီး ဘုရင်မကြီးရဲ့ ပလ္လင်ပေါ်မှာတောင် ထိုင်ခဲ့ဖူးတယ်လို့ အမျိုးသမီးတယောက်က ရေးထားပါတယ်။

ဒီစာအုပ်ကို အက်ပ်စတိန်းရဲ့ ရည်းစားဟောင်း၊ လိင်ကုန်ကူးရာမှာ ကြံရာပါအဖြစ် ပါဝင်လို့ လက်ရှိ ထောင်ကျနေသူ ဂီစလိန်းမက်စ်ဝဲလ်က ၂၀၀၃ တုန်းက စုစည်းဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013