
တော်လှန်ရေးရဲ့ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတွင်းမှာ ဟန်ချက်ညီ စစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/ MOD) က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး အထွေထွေထိုးစစ်အတွက် ပြင်ဆင်နေတယ်လို့ အသိပေးထားပါတယ်။
ဒီအစီရင်ခံစာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှု အခြေအနေကိုလည်း ဖော်ပြထားပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ အပြည့်အဝ စိုးမိုးအုပ်ချုပ်နေတဲ့ နယ်မြေတွေဟာ တနိုင်ငံလုံးရဲ့ မြို့နယ်စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းရှိသလို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ နယ်မြေတွေကတော့ မြို့နယ် စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
မြို့နယ်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းကတော့ တော်လှန်စစ်ဖြစ်ပွားနေပြီး မြို့နယ်စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းလောက်ကိုတော့ စစ်အုပ်စုက ဖိနှိပ်အုပ်ချုပ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ယန္တရားကို မြို့နယ်ပေါင်း ၂၃၅ ခုမှာ တည်ဆောက်ထားနိုင်ပြီး ၁၈၃ မြို့နယ်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့ အထောက်အကူပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခုခံတော်လှန်စစ် ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်ဘက်က တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် အခြေစိုက်ဌာနချုပ်စခန်း စုစုပေါင်း ၁၈၃ ခု ကျဆုံးခဲ့ပြီး စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ပေါင်း ၆ သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ ဒီကာလအတွင်း စစ်တပ်ဘက်က လေယာဉ်မျိုးစုံ အစင်း ၂၀ ပျက်စီးခဲ့သလို မဟာဗျူဟာလမ်းပိုင်းတွေ၊ နိုင်ငံရဲ့ အဓိကမြစ် ၄ စင်း၊ နယ်စပ်ကုန်သွယ်ရေးမြို့ ၁၀ မြို့ကိုလည်း တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအစပိုင်းမှာ အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့ပြီး ချက်ချင်းတိုက်ပွဲဝင်ခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို လက်ရှိအချိန်မှာ တပ်ပုံစံကျ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတွေကိုဆောင်ရွက်နေရင်း တဖက်မှာလည်း ဘဏ္ဍာရန်ပုံငွေနဲ့ စစ်လက်နက်ပစ္စည်း စုစည်းမှုကို အားပြုလုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် PDF မှာ အတွေ့အကြုံကောင်းတွေနဲ့ အားသာချက်တွေရှိသလို တော်လှန်ရေးကာလဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေလည်းရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီအစီရင်ခံစာမှာ PDF ရဲ့ စိန်ခေါ်မှု ၇ ချက်ကို ဖော်ပြထားတာမှာ အိမ်နီးချင်းနဲ့ နိုင်ငံကြီးတချို့က မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ဒုက္ခအပေါ် လျစ်လျူရှုပြီး အာဏာသိမ်းစစ်အုပ်စုကို ရုပ်ပိုင်း၊ စိတ်ပိုင်း ရပ်တည်ထောက်ပံ့အားပေးနေတာ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆင်ရေး အဆင့်ထက်ပိုတဲ့ မဟာဗျူဟာအဆင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ လိုအပ်တာ၊ စစ်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့စောင့်ရှောက်နိုင်ဖို့အတွက် သီးခြားရန်ပုံငွေအစီအစဉ်တရပ်ထားရှိဖို့ လိုအပ်တာ စတဲ့ အချက်တွေပါဝင်ပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ် ၄ နှစ်ပြည့် သန္နိဋ္ဌာန်အနေနဲ့ အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုကို အဆုံးသတ်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။
ပြီးတော့ စစ်မျက်နှာတခုချင်းနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF ဟာ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ကျောချင်းကပ်ပြီး တော်လှန်ရေးပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း အစီရင်ခံစာကတဆင့် ကတိပြုထားပါတယ်။