
ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ငွေကြေးကောက်နေတဲ့ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Fire Dagon PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။
စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ အဲဒီဂိတ်ကို Fire Dagon PDF တပ်ဖွဲ့က ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း MA 1၊ MA 2 သေနတ် ၁ လက်စီနဲ့ ကျည်ဘောက် ၅ ခု၊ အီနာဂါဗုံးသီး ၂ လုံးနဲ့ ကျည်အတောင့် ၁၈၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Fire Dagon PDF တပ်ဖွဲ့တာဝန်ရှိသူက “ညောင်လေးပင်-မဒေါက်ကြားက အထိုင်ချစခန်းကို ဝင်တိုက်တာပါ၊ အထိုင်စခန်းတော့ မဟုတ်ဘူး၊ သူတို့ ဂိတ်ကြေးကောက်တဲ့ နေရာပါ။ ရန်သူကတော့ ၂ ယောက် ကျတယ်၊ လက်နက်တွေလည်း သိမ်းဆည်းခဲ့တယ်။ အဲဒီနေရာက ကားလမ်းကြော ဆိုတော့ လူမနေဘူးလေ။ ပြည်သူတော့ အထိအခိုက်မရှိပါဘူး” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ညောင်လေးပင် ခမရ-၂၀ ကနေ ၁၂၀-မမနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။


