
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာထဲမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
အလ္လကပ္ပရွာအလယ် ကိုးဆူဘုရားနားမှာ ဖွင့်ထားတဲ့ဂိတ်ကို မနက် ၁၀ နာရီလောက်မှာ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူ ကိုတိုက်ဂါးက “ကျနော်တို့ လုံခြုံရေးအရမို့ ဒီနေ့မှ မီဒီယာတွေကို ချပြရတာပါဗျ။ ဖြစ်စဉ်က ကျနော်တို့ အဲဒီစခဂိတ်ကို အီနာဂါ၊ ဂန်းငယ်တွေနဲ့ သွားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ အဲဒီပစ်ခတ်ရာမှာ စစ်သား ၃ ဦး နေရာတင်သေတာကိုလည်း ကျနော်တို့မြင်တွေ့ခဲ့ရတယ်ဗျ။ သူတို့ဖွင့်တဲ့ဂိတ်က မုံရွာဘက်က လာတယ်ဆိုရင် လမ်းရဲ့ညာဘက်ပေါ့။ စစ်ကိုင်းဘက်ကလာတယ်ဆိုရင် ဘယ်ဘက်မှာရှိတယ်ဗျ။ ပြောရရင် မုံရွာ-စစ်ကိုင်း-မန္တလေးသွား ကားလမ်းမကြီးဘေးမှာ တည်ရှိတာ။ သူတို့က ခရီးသွားကားတွေ၊ လိုင်းကားတွေကို ဆက်ကြေးကောက်ခံနေတာဗျ။ အဲနေရာကို သွားပစ်ခတ်ခဲ့တာဗျ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ချိန်မှာ အဲဒီဂိတ်က စစ်သားတွေက နောက်ကနေ ကားနဲ့လိုက်ပစ်ခတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
ကိုတိုက်ဂါးက “ကျနော်တို့ကို နောက်ကနေလိုက်ပစ်တဲ့ စခကားတွေကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရသေးတယ်။ အဲဒီလို ကျနော်တို့ဘက်က မိုင်းဆွဲလို့ စစ်ကားပေါ်မှာပါလာတဲ့ စစ်သားတွေ အထိအခိုက် အကျဆုံးလည်း များတယ်ဗျ။ အတိအကျ သိရဖို့ ကျနော်တို့ ထပ်မံစုံစမ်းမှု ပြုလုပ်နေပါတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE၊ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၂၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃၊ TIGER FIGHTER M_21.2၊ AERA(71)LOCAL PEOPLE DEFENCE FORCE တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အခုလို အလစ်ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် ဇူလိုင် ၁၂ ရက်နေ့မှာ ရွာအဝင်အထွက်နေရာတွေကို စစ်တပ်ဘက်က အရပ်သားပုံစံနဲ့ စောင့်ကြပ်နေတာတွေရှိတယ်လို့ သိရပါတယ်။