Home
မြန်မာသတင်း
ချောက်မြို့နယ်ထဲတွင် စစ်တပ်ကအင်အားတိုးပြီး တိုက်ပွဲပြင်းထန်နေ
DVB
·
July 6, 2025

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ ဇူလိုင် ၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ရွာတွေကို စစ်တပ်ကရွာတွေကို မီးရှို့တာကြောင့် ဒေသခံတွေထွက်ပြေးနေရသလို စစ်ရှောင်ရင်း ပြည်သူ ၂ ယောက် သေဆုံးခဲ့ရပါတယ်။

စစ်တပ်ကအင်အားတိုးပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အနီးအနားကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်းပါဝင်နေတဲ့ ချောက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “စကစစစ်ကြောင်းထိုးလာတာကို မြေပဒုံနဲ့တောင်သာရွာကြားမှာ ဖြတ်တိုက်ခဲ့တာ သူတို့ဘက်က အထိအခိုက်နဲ့သေဆုံးတာများတယ်။ အဲဒါကြောင့်မို့လို့ တိုက်ပွဲဖြစ်တဲ့နားက တောင်သာရွာကို မီးတင်ရှို့နေကြတာ။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကလည်း ဆက်တိုက်ပဲဗျ။ တိုက်ပွဲတွေစဖြစ်ကတည်းက တောင်သာရွာက ရွာလုံးကျွတ်ထွက်ပြေး​သွားကြတာ။ ပြည်သူ အထိအခိုက်မရှိသလို တိုက်ပွဲထဲမှာ ကျနော်တို့ဘက်ကလည်း အထိအခိုက်မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။

ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ စလေ ခလရ ၄၁၆ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၈၀ နီးပါးပါဝင်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထက်မနည်း သေဆုံးသလို အရာရှိတွေအပါအဝင် အများအပြားဒဏ်ရာရခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ ဇူလိုင် ၄ ရက်နေ့ညနေပိုင်းအထိပြင်းထန်ခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာတော့ စစ်ရေးအခြေအနေတင်းမာနေပြီး ထောင်ချီတဲ့ပြည်သူတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

ချောက်မြိုနယ် တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ဘေးရှောင်ပြည်သူက ၇,၀၀၀ နဲ့ ၈,၀၀၀  ကြားမှာရှိမယ်။ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရပြီးတော့ အမျိုးသမီး ၁ ယောက်ဆုံးတယ်။ မြေမြှုပ်မိုင်းနင်းမိပြီးတော့လည်း အမျိုးသမီး ၁ ယောက် ဆုံးသွားသေးတယ်။ တောင်သာရွာမှာ စစ်ကြောင်းရှိနေသေးတော့ စစ်ရေးအခြေအနေက တင်းမာနေဆဲပဲ။ မီးလောင်ခံရတဲ့ အိမ်အရေအတွက်လည်း မသိရနိုင်သေးဘူးဗျ။ စစ်ဘေးရှောင်နေသူတွေလည်း မပြန်နိုင်ကြသေးဘူး” လို့ DVB ကို ပြောပါတယ်။

ဇူလိုင် ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာလည်း ချောက်မြို့နယ်ထဲက ထုံးဘိုဆိပ်ကမ်းကို စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁ စင်း ဆိုက်ကပ်လာပြီး စစ်သည်အင်အားတွေ ထပ်ဖြည့်နေတဲ့အတွက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ချောက်မြို့နယ်ထဲက တောင်သာကျေးရွာအပါအဝင် သစ်ချိုကုန်း၊ ကျောက်စု၊ လွင်ကြယ်၊ ကြပ်စု၊ မြေပဒုံ၊ ခပေါင်းတဲ၊ ကြိတ်စု၊ ကံဆောင်၊ ထောက်ရှည်ကန်၊ ဥယျာဉ်၊ ညောင်ဖွာ၊ ထိန်ကန်၊ မင်းကန် စတဲ့ကျေးရွာတွေက ထောင်ချီတဲ့ပြည်သူတွေဟာလည်း စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013